Thursday, January 7, 2016

ဆော်ဒီနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် အီရန်က တိုက်ချင်းပစ်ဒုံးကျည် ဘန်ကာတစ်ခုကို ထုတ်ဖော်ပြသ

ဆော်ဒီအာရေးဗီးယားနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် အီရန် အစိုးရက မြေအောက် တိုက်ချင်းပစ် ဒုံးကျည် ဘန်ကာတစ်ခုကို ထုတ်ဖော် ပြသလိုက်သည်။ဆော်ဒီ အစိုးရက အီရန် လိုလားသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦးကို ကွပ်မျက်မှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဂယက်များကြောင့် ဆော်ဒီနှင့် အီရန်တို့ကြား သံတမန် ဆက်ဆံရေး ပြတ်တောက်ပြီး အရှေ့
အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန် အစိုးရပိုင် ရုပ်မြင်သံကြား ဌာနက အဆင့်မြင့် နည်းပညာများဖြင့် တည်ဆောက်ထားသည့် ဘန်ကာ၏ ပုံကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗီဒီယိုထဲတွင် ဘန်ကာထဲရှိ အီမတ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို အီရန် လွှတ်တော် ဥက္ကဋ္ဌ အလီ လာရီဂျာနီနှင့် တော်လှန်ရေး အစောင့်တပ်ဖွဲ့ အရာရှိများက စစ်ဆေးနေသည်ကို တွေ့ရသည်။ အဆိုပါ ဒုံးကျည်သည် အကွာအဝေး မိုင် ၁၀၀၀ ရှိ ပစ်မှတ်ကို ချေမှုန်းနိုင်ကြောင်း အီရန်က ကြေညာခဲ့ဖူးသည်။

အီရန်သည် နျူကလီးယား နည်းပညာ ကန့်သတ်မှုအတွက် နိုင်ငံတကာနှင့် သဘောတူညီမှု တည်ဆောက်ထားနိုင်ခဲ့သည့်တိုင် အီရန်သမ္မတ ဟာဆန် ရူဟာနီက တိုက်ချင်းပစ် ဒုံးကျည်လက်နက် နည်းပညာများ ဆက်လက် အဆင့်မြှင့် ဖော်ဆောင်ရန်မူ ကာကွယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းထားဆဲ ဖြစ်သည်။ အမေရိကန်က အဆိုပါ လုပ်ရပ်အပေါ် နောက်ထပ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည့်တိုင် အီရန်ကမူ လက်လျှော့သွားခြင်း မရှိချေ။

လတ်တလောတွင် ဆော်ဒီအပြင် ဆော်ဒီ၏ မဟာမိတ် အာရပ်နိုင်ငံများကလည်း အီရန်ကို သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားကြသည်။ ဆွန်နီ အစ္စလာမ်မစ် နိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီက ရှီးဟိုက် ဘာသာရေး
ခေါင်းဆောင် နီမာအယ်လ်နီနီကို ကွပ်မျက်မှုအပေါ် မကျေနပ်သည့် အီရန် နိုင်ငံသားများက အီရန်ရှိ ဆော်ဒီသံရုံးကို မီးရှို့ခဲ့ပြီးနောက် နှစ်နိုင်ငံကြား ပြဿနာများ ပိုမိုကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

Ref: UPI

No comments:

Post a Comment