Monday, March 21, 2016

အကျဉ်းထောင်ထဲက အလှမယ်ပြိုင်ပွဲ


အကျဉ်းသားများကို ရိုက်နှိပ်ခြင်း၊ ခိုင်းစေခြင်းတို့ကိုသာ ပြုလုပ်နေပါကစိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမည်မပာုတ်ဘဲ ရာဇဝတ်မူများကို ထပ်ခါတလဲလဲ ကျူးလွန်နေမည်ဖြစ်သည်။ထို့ကြောင့် ဘရာဇီးလ်နိုင်ငံတွင် ထောင်ကျနေသည့် အမျိုးသမီးအကျဉ်းသားများအတွက် ရည်ရွယ်ပြီး အလှမယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် လုံခြုံရေးကို တင်းကျပ်ခဲ့ခြင်း မရှိဘဲ လွတ်လပ်ပျော်ပါးစွာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

တာလာဗီရာဘရုစ်အကျဉ်းထောင်တွင် အလှမယ်ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအကျဉ်းသားများသည် အရောင်အသွေးစုံလင်သည့် ဂါဝန်များကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသမီးအကျဉ်းသားများကို တာဝန်ရှိသူများက လှပစွာဆင်ယင်ပေးခဲ့ပြီး တေးသီချင်းများဖွင့်ကာ ယှဉ်ပြိုင်စေခဲ့သည်။ ဒေသတွင်းရှိလူမူအဖွဲ့အစည်းများနှင့် ဘုရားကျောင်းမှ တာဝန်ရှိသူများသည် အမျိုးသမီးအကျဉ်းသားများအား ကိုယ်ဘဝကိုယ် တန်ဖိုးထားစေရန် ရည်ရွယ်ပြီး အလှမယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်စေခြင်းဖြစ်သည်။ဘရာဇီးလ်နိုင်ငံတွင် အမျိုးသမီးအကျဉ်းသားအရေအတွက်သည် အဆမတန် တိုးပွားလျက်ရှိသည်။မှတ်တမ်းများအရ ၂၀၀၀ မှ ၂၀၁၄ အတွင်း အမျိုးသမီးအကျဉ်းသားသည် ( ၅၆၇) ရာခိုင်နူန်းအထိ တိုးလာကြောင်း သိရသည်။

မန်ချက်စတာဒါဘီပွဲစဉ်တွင် မားကပ်ရက်စ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်ယူအနိုင်ရ


မန်ချက်စတာ ဒါဘီပွဲစဉ်ဖြစ်သော မန်ချက်စတာ စီးတီး အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ဧည့်သည် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပထမပိုင်း ၁၆ မိနစ်တွင် သွင်းယူခဲ့သော လူငယ်တိုက်စစ်မှူး မားကပ် ရက်ဒ်ဖို့ဒ်၏ သွင်းဂိုး တစ်ဂိုးဖြင့် မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။


ကူးစက်မြန်ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါနှင့် ပြည်သူ့အသံ


ကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ယခုမတ်လအတွင်း သာစည်၊ မန္တလေးနှင့် ရန်ကုန်တို့တွင် ကလေးငယ် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါရောဂါမှာ သာစည် မြို့တွင် မတ်လ ၅ ရက်က စတင်ဖြစ်ပွားခဲ့ပြီး ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် အချိန်မီကုသမှုမခံယူပါက အသက်ဆုံးရှုံး နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကူး စက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါအတွက် ကာကွယ်ဆေး မှာလည်း လတ်တလောမရှိသေးဘဲ အဆိုပါရောဂါကိုဖြစ်စေသော ပိုးအမျိုးအစားများစွာရှိနေခြင်းကြောင့် ရောဂါဖြစ်ပွားစေသည့်ပိုးကို ဓာတ်ခွဲစမ်းသပ်ကြည့်မှသာ ကာကွယ်ဆေးအမျိုးအစားကိုသိနိုင်မည် ဖြစ်ကြောင်း ဆေးပညာရှင်များက ပြောကြားသည်။
ကလေးငယ်များကို အသက်ဆုံးရှုံးသည်အထိ ခြိမ်းခြောက်လာသော အဆိုပါရောဂါနှင့် ပတ် သက်၍ ပြည်သူများ၏ စိုးရိမ်ပူပန်မှုနှင့် အစိုးရထံ အကြံပြုတောင်းဆိုချက်များကို ပြည်သူ့အသံအဖြစ် စုစည်းဖော်ပြအပ် ပါသည်။
မသီတာ(ဈေးသည်၊ လှည်းတန်းဈေး)
ဒီအကြောင်းက ရန်ကုန်မှာ ကလေးသေတယ်ဆိုမှသိတာ။ သတင်း စာမှာဖတ်ကြည့်မိတော့ ကလေးက ငါးယောက်တောင်မကတော့ဘူးဆို ပဲ သေတာလေ။ ရောဂါက ပြင်းထန်ပြီး သေတတ်တာပဲသိတယ်။ ဘယ် လိုကုရတယ်၊ ဘာကြောင့်ဖြစ်လဲ သေချာမသိပြန်တော့ နောက်ကိုအသိ ဆရာဝန်ကို မေးကြည့်ရမယ်လေ။ အစ်မသားသမီးတွေလည်း ငယ်ငယ် လေးတွေ။ ကိုယ်ကလည်း အလုပ်ထွက်လုပ်နေတာလေ။ သတင်းတွေ ဖတ်ရသလောက်ကလည်း ဖြစ်ပြီးရင် အရမ်းပြင်းထန်တယ်၊ ပြီးတော့ ကာကွယ်ဆေးလည်း ဒီမှာလွယ်လွယ်မရဘူးလို့ သိတယ်။ အစိုးရက ရပ်ကွက်ရုံးတွေမှာလေ ကြက်ငှက်တုပ်ကွေးတွေတုန်းကလို စာကပ်တာ မျိုး၊ နှိုးဆော်စာလိုပုံစံမျိုးနဲ့ လုပ်ပေးရင်ကောင်းမယ်။
မနောင်းနောင်(တောင်ဒဂုံ)
ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားတာတွေတော့ဖတ်တယ်။ လေ့လာတယ်။ အိမ်မှာလည်း ကလေးကို သေချာဂရုစိုက်ဖို့မှာထားတယ်။ ကိုယ့်ကလေးအတွက်တော့ စိုးရိမ်တယ်။ ဖေ့စ်ဘွတ်ခ်မှာ ထုတ်ပြန်ထား တာတွေ တွေ့ရတယ်။ အဲဒါမျိုးလုပ်တာတွေအတွက်တော့ သဘောကျ တယ်။ ဒါပေမဲ့ အဲဒါက အွန်လိုင်းသုံးတဲ့သူတွေအတွက်ပဲ ပိုအဆင်ပြေ တယ်လေ။ ဖြစ်စေချင်တာက ရပ်ကွက်ထဲမှာလိုက်ပြီး သတိပေးတာမျိုး၊ ပညာပေးတာမျိုးဖြစ်စေချင်တယ်။ လုပ်တော့လုပ်ပေမယ့် ဖိဖိစီးစီးလုပ် တာမျိုး အားနည်းတယ်လို့ထင်တယ်။ အဲဒီလိုလုပ်နိုင်မှ မိဘတွေက ပို သတိထားမိမှာ။ အရင်ကလည်း ကိုယ့်ကလေးကိုအပြင်ထွက်ဆော့ခိုင်း တာမရှိဘူး။ အခုကျတော့ ပိုဆင်ခြင်ရတာပေါ့။ ကိုယ်က အလုပ်လုပ်နေသူဆိုတော့ အိမ်မှာကျန်ခဲ့တဲ့ ကလေးရဲ့အဘွားနဲ့ ကလေးထိန်းကိုသေချာမှာခဲ့ရတယ်။ ကာကွယ်ဆေးရှိ၊ မရှိမေးကြည့်တော့လည်း မရှိ သေးဘူးလို့ ပြောတယ်။ လောလောဆယ် ကိုယ့်ဟာကိုယ်ပဲ ရှောင်ရှားကာကွယ်ရတယ်။
ဒေါ်ရွှေဝင့်ဝါ(ဗန်းမော်)
ဒီရောဂါစတင်ဖြစ်ပွားတာက မိတ္ထီလာခရိုင် သာစည်မြို့နယ်က စ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်ဖြစ်ချင်းတောင် ကုသမှုခံယူတဲ့ကလေး ငယ် ၁၀ ဦးကျော်အနက် လေးဦးသေဆုံးပြီလို့ သိရတော့ ဒါအင်မတန် စိုးရိမ်ရတဲ့အနေအထားလို့မြင်ပါတယ်။ အခုဆိုမြို့ကြီးတွေမှာပါ ရောဂါ ဖြစ်ပွားတဲ့ကလေးငယ်တွေရှိလာပြီဆိုတော့ ပိုဂရုစိုက်သင့်ပြီး ပိုစိုးရိမ်ရ ပါတယ်။ ရောဂါရဲ့နာမည်ကိုက ကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေး ရောင်ရောဂါဆိုတော့ ကူးစက်မှုပိုင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းရှာ သင့်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးက လက်ရှိမြန်မာနိုင်ငံမှာမရှိသေး ဘူးလို့လည်း မန္တလေးအထူးကုဆရာဝန်ကြီးတစ်ဦးက ပြောထားတယ် လို့ ဖတ်ရပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ရောဂါကူးစက်နယ်မြေ၊ ဖြစ်ပွားပုံ၊ ကုသမှုပိုင်းဆိုင်ရာသတင်းတွေကို ပြည်သူလူထုထံအချိန်နဲ့ တစ်ပြေးညီချပြပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ လောလောဆယ် ကာကွယ်ဆေး မရှိခင်စပ်ကြားတော့ မိဘများအနေနဲ့ မိမိကလေးကိုခြင် မကိုက်အောင် အထူးဂရုစိုက်ပေးဖို့ရယ်၊ ဖျားနာမှုဖြစ်ခဲ့ရင်တောင် မပေါ့ဆဘဲ ကျန်းမာရေးဌာနများမှာသာ စစ်ဆေးကုသမှုခံယူသင့်ကြောင်း အကြံပေးပြောကြားချင်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ကူးစက်ရောဂါစဖြစ်နေတဲ့အရပ်က မိဘများအနေနဲ့ကတော့ ပိုမိုဂရုစိုက်ရမှာဖြစ်ပြီး ရောဂါရဲ့ လက္ခဏာများကိုပါ ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ် လို့ ထပ်မံအကြံပြုချင်ပါတယ်။
ဦးခင်မောင်ထွန်း(ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ)
ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ကလေးငယ်တွေဖျားနာသေဆုံး နေတာတွေ မြင်ရကြားရပါတယ်။ ဘာကြောင့်ဒီရောဂါဖြစ်ရတာလဲဆို တာလည်းမသိရဘူး။ ဒီတော့ ဘယ်လိုကာကွယ်နေထိုင်ရမလဲဆိုတာ မသိတဲ့သူတွေများပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ကလေးငယ် တွေ၊ ဆွေမျိုးသားချင်းကလေးငယ်တွေအတွက် ဘယ်လောက်စိုးရိမ်ပူ ပန်ရမလဲဆိုတာ ကလေးရှိတဲ့မိဘတိုင်းသိမှာပါ။ ဒီရောဂါကို ကာကွယ်ဖို့ နည်းလမ်းတွေကို အစိုးရကနေ တရားဝင်ထုတ်ပြန်ပေးဖို့ တောင်းဆိုချင် ပါတယ်။ ဒါတောင်မှ လူတိုင်းသိနိုင်မယ်မထင်ပါဘူး။ အစိုးရရဲ့ လက်ရှိ ကာကွယ်ကုသပေးမှုအပိုင်း၊ သတင်းထုတ်ပြန်ပေးမှုအပိုင်းတွေကတော့ အားရစရာမရှိပါဘူး။ ကျွန်တော် တောင်မှ ဒီရောဂါအကြောင်းကောင်းကောင်းမသိဘူး။ အစိုးရအနေနဲ့ အရေးပေါ်ကြေညာချက်တွေကို တီဗီ အစီအစဉ်တွေမှာကြေညာသင့်ပါတယ်။ ရောဂါပျောက်ကင်းအောင်မကုသနိုင်ရင်တောင် ထိန်းထားနိုင်တဲ့အဆင့်တော့လုပ်လို့ရမှာပါ။ အခုတော့ ရောဂါမဖြစ်အောင် ကိုယ့်ကလေးတွေကို ပိုပြီးဂရုစိုက်ရမယ်။
ဦးကျော်စိန်ဝင်း(ကမာရွတ်)
ဒီဦးနှောက်အမြှေးရောင်ရောဂါအကြောင်းက အပြင်သတင်းစာ တွေဖတ်မှသိဖူးကြားဖူးတာ။ ညနေသတင်းထဲမှာလည်းမပါဘူး။ကလေး တွေ သေဆုံးမှုရှိနေတာကိုသိပေမယ့်လည်း ရောဂါအကြောင်းကို ဂဃနဏမသိပါဘူး။ ကာကွယ်ဖို့လည်းဘယ်လိုလုပ်ရမယ်မသိသေးပါ ဘူး။ ဒီတော့အစိုးရလူကြီးပိုင်းအနေနဲ့ ရုပ်သံတွေမှာ ကြေညာဖို့၊ ရောဂါ နဲ့ဆိုင်တဲ့ အသိပညာတွေများများပေးနိုင်ဖို့ကို လုပ်ဆောင်ပေးစေလိုပါ တယ်။ အခုကလေးတွေသေတယ်ဆိုတာကြားရတော့ တော်တော်တော့ လန့်သွားတယ်။ ကိုယ်လည်း ကလေးနှစ်ယောက်အဖေဆိုတော့ သား သမီးတွေအပေါ် စိတ်ပူတာပေါ့။ ပြီးတော့ ကြားထားတာ အဲဒီရောဂါက ဒီမှာ ကုသရတာလည်း အဆင်မပြေဘူးကြားတော့ ကိုယ့်အတွက်တင်မကဘူး။ တစ်နိုင်ငံလုံးတွက်ပါ စိုးရိမ်ရ ပါတယ်။
ဒေါ်ညိုညိုသန်း(မြို့မမြောက်ရပ်ကွက်၊ မောင်တော)
ဦးနှောက်အမြှေးရောင်ရောဂါကိုတော့ ကြားဖူးပါတယ်။ အခုဖေ့စ် ဘွတ်ခ်မှာတက်နေတဲ့ သတင်းဌာနတွေက အဲဒီရောဂါနဲ့ပတ်သက်ပြီး ဖတ်နေရပါတယ်။ အိမ်မှာ သားနှစ်ယောက်ရှိပါတယ်။ တစ်ယောက်က (၈)နှစ်အရွယ်၊ နောက်တစ်ယောက်ကတော့ တစ်နှစ်ခွဲအရွယ်ပါ။ ကလေးတွေကိုတော့ ပုံမှန်အတိုင်းပဲ ပြုစုပေးနေပါတယ်။ အဓိကက တော့ ခြင်ကိုက်မခံရအောင် ဂရုစိုက်ရပါတယ်။ ဦးနှောက်အမြှေးရောင် ရောဂါနဲ့ပတ်သက်ပြီး မြို့နယ်အတွင်းမှာ ကျန်းမာရေးအဖွဲ့တွေက အသိ ပညာပေးတာတွေ မရှိသေးပါဘူး။ ရောဂါနဲ့ပတ်သက်ပြီး လက္ခဏာတွေ၊ ကြိုတင်ကာကွယ်ရမယ့် အလုပ်တွေကို သိချင်ပါတယ်။ ကျန်းမာရေးက လူတွေအတွက် အရေးကြီးဆုံးဖြစ်တာကြောင့် ကိုယ်တွေပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးတွေပဲဖြစ်ဖြစ် ရောဂါဖြစ်မှာ ကို စိုးရိမ်ကြောင့်ကြတာပါပဲ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ရခိုင်မှာ ဂျပန်မှာဦးနှောက်အမြှေးပါးရောင် ရောဂါဖြစ် လို့ ကလေးတွေ သေဆုံးတာကြားလိုက်ရပါတယ်။ ကျန်းမာ ရေး ဌာနတွေကလည်း ရောဂါဖြစ်ပြီဆိုမှ အသည်း အသန်လုပ်ကြပြီးတော့ ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို အသိပညာပေးမှုတွေ နည်းနေ ပါသေးတယ်။
မလှနန်းနွယ်(ပုဂ္ဂလိကဆေးရုံဝန်ထမ်း၊ ပြည်)
အခုကြားနေရတဲ့ ကူးစက်မြန် ပြင်းထန်ဦးနှောက်အမြှေးရောင် ရောဂါဟာ ဘယ်ရောဂါပိုးကြောင့်ဆိုတာကို အရင်ဆုံးသိဖို့လိုအပ်တယ် လို့ထင်တယ်။ ကူးစက်မြန်တာကြောင့် ကာကွယ်ဖို့နည်းလမ်းတွေ၊ ကုသ ဖို့တွေမပြုလုပ်နိုင်ရင် အသက်အန္တရာယ်ထိခိုက်တာကြောင့် အင်မတန် စိုးရိမ်စရာပါ။ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်အသားရောင်ခြင်း ဟာ ကူးစက်ပုံနည်းလမ်းအမျိုးမျိုးနဲ့ ကူးစက်တဲ့ (Virus) ပိုး အမျိုးမျိုးကွဲ ပြားတယ်လို့ သိထားတယ်။ တီဘီရောဂါကနေ ဦးနှောက်အမြှေးရောင်၊ ငှက်ဖျားရောဂါ၊ ခုခံအားကျဆင်းရာကနေ ၀င်လာတာတို့၊ဂျပန်ဦးနှောက် အသားရောင်ရောဂါတွေလောက်သာ ကူးစက်တဲ့ရောဂါပိုးအကြောင်း ကို သိကြတယ်။ မသိသေးတဲ့ ကူးစက်ပြင်းထန်ဦးနှောက်အမြှေးရောင်တွေရှိနေကြတယ်။ အခုကြားနေရတဲ့ ဦးနှောက်အမြှေးရောင်တဲ့ရောဂါကို ကျန်းမာရေးဌာနနဲ့ အစိုးရရဲ့ ကာကွယ်ဖို့နည်းလမ်းတွေ ထုတ်ပြန်ပေးဖို့ အားနည်းတယ်။ ဘယ်ရောဂါပိုးကြောင့်ဖြစ်တယ်ဆိုတာကို စမ်းသပ်မှုတွေ အမြန်ဆုံးဆောင်ရွက်ပြီး ပြည်သူ တွေထံ ချက်ချင်းချပြပေးဖို့၊ ကာကွယ်ကုသပေးနိုင်ဖို့လိုတယ်။ ဦးနှောက်အမြှေးရောင်ကူးစက်မှုဟာ အသက်ရှူ လမ်းကြောင်းကနေ ကူးစက်နိုင်တာမျိုးတွေရှိတော့ အများအားဖြင့် လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ် တာတို့၊ နှာခေါင်းစည်း တပ်တာတို့နဲ့ ကလေးငယ်တွေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။
ဒေါက်တာဝင်းနိုင်(ဦးစီးမှူး၊ မန္တလေးတိုင်းဒေသကြီး
ပြည်သူ့ကျန်းမာရေးဦးစီးဌာန)
၂၄ နာရီအတွင်းမှာ ကုသမှုမခံယူဘူးဆိုရင် သေဆုံးမှုပိုများနိုင်တယ်။ ပြီးခဲ့တဲ့ ၁၉၉၂၊ ၂၀၀၀၊ ၂၀၀၃ တုန်းကလည်းဖြစ်ပွားခဲ့တဲ့အတွက် စော စောစီးစီးဆေးကုသမှုခံယူသင့်ပါတယ်။ ကလေးတွေပဲဖြစ်တတ်တာမ ဟုတ်ပါဘူး။ လူကြီးတွေလည်းဖြစ်ပါတယ်။ ကလေးတွေကတော့ကိုယ်ခံ အားနည်းတဲ့အတွက် ဖြစ်နေတဲ့သဘောပါပဲ။ ရောဂါဖြစ်ပွားတဲ့သူနဲ့ အ တူနေထိုင်တဲ့လူတွေ ကူးစက်နိုင်ပါတယ်။ နှာစေး၊ ချောင်းဆိုး၊ ဖုန်ထူတဲ့ နေရာတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ လူနေထူထပ်တဲ့နေ ရာတွေကို သွားလာဖို့ရှောင်ရှားသင့်သလို နေပူထဲမှာရေချိုးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကိုယ့်အိမ်မှာတကယ်လို့ ပြင်းထန်ဦးနှောက်အမြှေးရောင်လို့ယူဆရတဲ့ ရောဂါဖြစ်နေတယ်ဆိုရင် နှာခေါင်းစည်းထားတာမျိုးတွေလုပ်သင့်ပါတယ်။ လုပ်ဆောင်ချက်တွေအနေနဲ့ကတော့ ဗဟိုက ညွှန်ကြားချက်အတိုင်း ရောဂါကူးစက်မှုလျော့ကျဖို့အတွက် ကာကွယ်ရေးလုပ်ငန်းတွေလုပ်နေတယ်။ အသိပညာပေးတာတွေ၊ ရောဂါဖြစ်ပွားသူနဲ့အတူနေထိုင်တဲ့သူတွေ၊ အနီးပတ်ဝန်းကျင်ကို ပဋိဇီဝဆေးတိုက်ကျွေးခြင်းတွေလုပ်တယ်။ ဒါကတော့ ရောဂါကို ကူးစက်ဖို့အဟန့်အတားဖြစ်စေပါတယ်။ ပြည်သူလူထုကို မှာကြားချင်ပါတယ်။ ဦးနှောက်အမြှေးရောင်လို့ ယူဆရတဲ့ရောဂါလက္ခဏာမျိုးပြလာရင် အမြန်ဆုံးဆေးကုသမှု ခံယူကြပါ။
သူဇာ(သတင်းထောက်၊ရန်ကုန်)
ဦးနှောက်အမြှေးရောင် ရောဂါတွေဖြစ်လို့ ကလေးတွေ သေဆုံးနေ တယ်လို့ ကြားကတည်းက ကျွန်မဒီသတင်းကို အမြဲသတိထားစောင့် ဖတ်ဖြစ်တယ်။ အပြင်အလုပ်ထွက်လုပ်နေရတဲ့ ကျွန်မအဖို့ အိမ်မှာ (၂) နှစ်အရွယ် သမီးလေးကို အဘွားနဲ့ထားနေရတာ။ အမေကတော့ကလေး ကို တော်တော်ဂရုစိုက်ပေးပါတယ်။ ဒါပမဲ့ သူ့အနေနဲ့ ဖျားတာ နာတာ လောက်ကိုပဲ သိနိုင်မယ်လေ။ ကလေးက ရုတ်တရက်ဖျားရင် အဖျားကျ အောင်ရေဖတ်တိုက်မယ်၊ ဆေးတိုက်မယ်လောက်ပဲ လတ်တလောဆုံး ဖြတ်မှာပဲ။ အခုလိုရောဂါတွေကြားရတော့ ကလေးကိုစိတ်ပူရတဲ့စိတ်က ပိုဆိုးလာပြီ။ အစိုးရပိုင်းကလည်း ဒီရောဂါဘယ်လိုကြောင့်ဖြစ်ပွားတယ်၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာ သေသေချာချာမထုတ်ပြန်သေးဘူး။ ဖြစ်ပွားတဲ့အကြောင်းရင်းက ဘာကြောင့် မဖြစ်ပွားအောင် ဘယ်လိုကြိုတင်ကာကွယ်ရမယ်ဆိုတာကို အမြဲမပျက် သတင်းအချက်အလက်တွေ ထုတ်ပေးသင့်တယ်။ ကျွန်မတို့ကလေးတွေရဲ့ ကျန်းမာရေးလုံခြုံမှုကို အပြည့်အ၀ရချင်တယ်။ အစိုးရအနေနဲ့ ကာကွယ်နိုင်ပြီလား၊ လက်ရှိ ဘယ်လိုဆောင်ရွက်နေလဲ၊ ကာကွယ်မှုလုပ်ငန်းတွေ ဘယ်လိုလုပ်ထား လဲဆိုတာ ပြည်သူတွေကို ရှင်းရှင်းလင်းလင်းချပြဖို့ မျှော်လင့်ပါတယ်။ ကာကွယ်မှုကတော့ ကျွန်မအနေနဲ့ ကိုယ့်ကလေးကို အတတ်နိုင်ဆုံး ဒီကြားထဲမှာ လူများတဲ့နေရာမခေါ်သွားဘူး။ ကလေးထိန်းပေးနေတဲ့ အမေ့ကို (ကလေးအဘွား)ကို မှာထားတယ်။ ရုတ်တရက်ကိုယ်ပူတာပဲဖြစ်ဖြစ်၊ အန်တာပဲဖြစ်ဖြစ်၊ ကလေးဖြစ်ပြီဆိုတာနဲ့ နီးစပ်ရာ ဆေးရုံ၊ ကလေးဆေးခန်းကို တန်းသွားပါလို့။
ကိုမင်း(လမ်းတံတားတည်ဆောက်ရေးဝန်ထမ်း)
အစိုးရအနေနဲ့ ဒီရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေကို အများပြည် သူတွေ အမြန်ဆုံးသိနိုင်အောင် သတင်းစာ၊ ရေဒီယို၊ FM နဲ့ လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ်တို့ကနေ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ် ပြန်ချက်အနေနဲ့ ချက်ချင်းထုတ်ပြန်ကြေညာပေးသင့်ပါတယ်။ ရောဂါ ဖြစ်ပွားခဲ့တဲ့ကလေးတွေကို ကုသမှုလုပ်ပေးနေတယ်လို့ သိရပါတယ်။ သတင်းထုတ်ပြန်မှုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်မှု အပိုင်းမှာ တတ်နိုင်ရင်အချိန်နဲ့ တစ်ပြေးညီ ပြည်သူတွေကို မြန်မြန်လေး အသိပေးထုတ်ပြန်စေချင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရောဂါဖြစ်ပွားကူးစက်မှုအခြေအနေတွေကို အချိန်ပြည့်စောင့်ကြည့်ပြီး ရောဂါဖြစ်ပွားနေတဲ့ကလေးတွေကို အကောင်းဆုံးကုသမှုပေးပြီး နောက်ထပ် ကူးစက်ပျံ့နှံ့မှုတွေမရှိအောင် ထိန်းချုပ်စေချင်ပါတယ်။ ရောဂါကာကွယ်ဆေးလည်း မရှိသေးဘူးလို့ ဆရာဝန်ကြီးတွေကပြောတော့ ဒီကာလမှာ ကလေးငယ်တွေကို လူထူထပ်တဲ့နေရာတွေ ပွဲလမ်းသဘင်လိုနေရာတွေသွားတာကို ရှောင်ကြဉ်သင့် ပါတယ်။ နှာချေ၊ ချောင်းဆိုးတာတွေကိုလည်း သတိထားပြီး ကလေးကိုလူအများကြီးနဲ့ မထိတွေ့စေတာ ကောင်းမယ်လို့ထင်ပါတယ်။
ဒေါက်တာအေးမင်း(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်)
ဒီလိုရောဂါတွေက သန့်ရှင်းမှုနည်းတာ၊ အစားအသောက်မသန့် ရှင်းတာတွေကစပြီး ဖြစ်ပေါ်တတ်တာမျိုးတွေပါ။ အဓိကကတော့ ကိုယ် ခံအားနည်းတဲ့သူတွေကနေ အဖြစ်များကြတယ်။ ဦးနှောက်အမြှေးရောင် ရောဂါဆိုတာမျိုးက ဗိုင်းရပ်စ်ကြောင့်လည်းဖြစ်နိုင်တယ်။ ဗက်တီးရီး ယားကြောင့်လည်းဖြစ်နိုင်တယ်။ မကူးစက်အောင်ကြိုးစားဖို့ဆိုရင် အာဟာရပြည့်အောင်နေထိုင်ရမယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် ဂရုစိုက်ရမယ်။ အဲဒီလိုနေဖို့ဆိုရင် အများစုအတွက် ငွေရေးကြေးရေး အခက်အခဲအဖြစ်ရှိနိုင်ပြန်တယ်။ ဆင်းရဲသူတွေများတဲ့အခါမှာ ဒီလိုဂရု စိုက်ဖို့ဆိုတာကျတော့လည်း မလွယ်ပြန်ဘူး။ လေကတစ်ဆင့် ကူးစက် တဲ့ရောဂါမျိုးဆို ကျွန်တော်တို့ဆီမှာ ထိန်းချုပ်ရတော်တော်ခက်တယ်။ လူနေမှုက ထူထပ်တယ်။ ဘတ်စ်ကားတွေက ကျပ်ညပ်တယ်။ ဆင်းရဲမှုများတယ်။ အဲဒါပြဿနာပဲ။ ရောဂါဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရက ထုတ်ပြန်မှုကြန့်ကြာရတဲ့အကြောင်းရင်းကလည်း ဒီလိုကိစ္စဆိုတာ အလောတကြီး ကြေညာဖို့မသင့်တာတွေ ကြောင့်လည်းဖြစ်မှာပါ။ သေချာအောင် စောင့်ကြည့်ရမှာတွေရှိတယ်။ မျက်မြင်အနေအထားခန့်မှန်းချက်နဲ့ ထုတ်ပြန်လိုက်ရင်ပြဿနာရှိနိုင်တယ်လေ။ ဘက်စုံသုံးသပ်မှုတွေ၊ ဓာတ်ခွဲခန်းစမ်းသပ်ချက်အဖြေစောင့်ကြည့်ရမှာတွေ၊ ပတ်ဝန်းကျင်အခြေအနေသုံးသပ်စစ်ဆေးမှုလုပ်ရမှာတွေရှိတဲ့အတွက် အချိန်ကာလတစ်ခု တော့ စောင့်ရနိုင်တာပေါ့။
ဦးမိုးမြင့်သိန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (သာစည်မြို့နယ်)
မတ်လ ၅ ရက်လောက်ကစပြီး သာစည်နယ်ထဲမှာ ကလေးတချို့ သေဆုံးတာတွေဖြစ်တယ်။ သာစည်ရဲ့ အရှေ့မြောက်ဘက် ပြွန်ကန် ကျေးရွာမှာ ကလေးနှစ်ယောက်ဆုံးသွားတယ်။ အင်းကုန်းကျေးရွာမှာ တစ်ယောက်ဆုံးတယ်။ ဘုရားကုန်းကျေးရွာမှာတစ်ယောက်ဆုံးတယ်။ သေဆုံးတဲ့အရွယ်ကလည်း (၅)နှစ်ကနေ (၉)နှစ်အရွယ်ထိပဲ။ တိုင်းပြည် သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးတို့ လာရောက်ကြည့်ရှုကြတယ်။ ဆရာဝန်တွေ ပြောပြချက်အရတော့ ပြင်းထန် ဦးနှောက် အမြှေးရောင်ရောဂါလို့ သံသယရှိတယ်ပြောတယ်။ ဒီရောဂါလက္ခဏာက အန်တာများမယ်။ ပြီးရင် သတိလစ်သွားမယ်။ ဖုန်ကနေတစ်ဆင့် ကူးစက်တယ်လို့ပြောတယ်။ ဖုန်ကိုရှူမိလိုက်တာကနေ အသက်ရှူလမ်းကြောင်းကို ကူးစက်တယ်လို့ရှင်းပြသွားတယ်။ ကာကွယ်ဆေးဖျန်းတယ်။ ရောဂါကာကွယ်ဆေးဆိုပြီးတိုက်တယ်။ လူကြီးတွေကိုပါ ကူးစက်နိုင်တဲ့ အတွက် လူကြီးတွေကိုပါတိုက်သွားတယ်။ တိုင်းကျန်းမာရေးအနေနဲ့  ဒီလိုရောဂါမျိုးကူးစက်ခံနေရတယ်ဆိုတာ အသံချဲ့စက်နဲ့ပဲဖြစ်ဖြစ် လိုက်လံသတိပေးတာမျိုးလုပ်သင့်ပါတယ်။ ကာကွယ်ဆေးတွေတိုက်နေပေမယ့်လည်း ထပ်ဖြစ်နေတာတွေအတွက် ဆရာဝန်တွေပြောပြချက်အရ နေပူထဲသွားတာမျိုးကို ရှောင်ရှားသင့်ပါတယ်။ ကျောင်းပိတ်ထားတဲ့ ရာသီဖြစ်တဲ့အတွက် ကလေးတွေကို သေချာဂရုစိုက်သင့်ပါတယ်။
ဒေါက်တာကျော်စွာဦး(ရန်ကုန်)
ဦးနှောက်အမြှေးရောင်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနက ကြေညာချက်တွေထုတ်ပြန်တာတွေ့ရတယ်။ လိုက်နာရမယ့်အ ချက်၊ သတိပြုရမယ့်အချက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဆောင် ရွက်နေပါတယ်။ ကိုယ့်ရပ်ကွက် ကိုယ့်ဝန်းကျင်မှာဖြစ်နေတယ်ဆိုရင် ပိုသတိထားဖို့လိုလာတယ်။ ရောဂါဖြစ်တဲ့ကလေးတွေနဲ့ အတူဆော့တာ မျိုးမဖြစ်ဖို့လိုတယ်။ ကလေးတွေကို အဓိကလက်ဆေးပေးဖို့ပါပဲ။ ရောဂါဖြစ်တဲ့သူရဲ့ အသုံးအဆောင်တွေ မကိုင်မိဖို့ပါပဲ။ မိဘတွေအနေနဲ့ ဒီအချိန်မှာ ကိုယ့်ကလေးက ဖျားတာ၊ တက်တာ၊ သတိလစ်တာတွေဖြစ် လာရင်  ဆေးရုံကိုအမြန်ပြေးဖို့လိုတယ်။ ကလေးတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ အဓိကကလက်ဆေးဖို့ပါပဲ။ အပြင်က ပြန်လာတိုင်း အစာစားတိုင်း လက်ဆေးရမယ်။ မိဘတွေအနေနဲ့ အရမ်းမကြောက်ပါနဲ့။ ကိုယ့်ကလေးကို နေမကောင်းမဖြစ်အောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ သူအနားမသွားပါစေနဲ့။ ကလေးနေမကောင်းဖြစ်ရင် ဆေးရုံသွားပါ။ တကယ်လို့ ဆေးရုံမတင်နိုင်ရင် ပတ်ဝန်းကျင်က ၀ိုင်းပြီးတင်ပေးကြပါ။ လူနာပြုစုသူကလည်း လက်သန့်ရှင်းရေးသေချာလုပ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အရေးကြီးတယ်။ ကိုယ့်ရဲ့ကလေး နေမကောင်းရင် တခြားကလေးနဲ့ပေးမဆော့ပါနဲ့။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးချက်၊ ကြေညာချက်တွေကို သတိထားပြီး လိုက်နာဆောင်ရွက်ပါလို့အကြံပေးချင်ပါတယ်။

ရွာငံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းဖွင့်လှစ်


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်(၁၈)ရက်တွင် ရှမ်းပြည် နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိပြီး ၀န်ကြီး ဌာနမှ (၂၀၀)သိန်းကျပ်၊ ဦးအောင်ဇော်မြင့်+ပြည်ထောင်စုဝန်ကြီး မိသားစုမှ (၁၀) သိန်းကျပ်ဖြင့် ဆောက်လုပ် လှူဒါန်းခဲ့သည့် ဓနုမြေ ဘိုးဘွားရိပ်သာ၊ ဓမ္မရုံ၌ အဘိုး၊အဘွားများအား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကန်တော့ပြီး သက် ဆိုင် သူများထံ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးသည်။

ယင်းနောက် ၀န်ကြီးဌာနမှ(၃၀၀)သိန်းကျပ်ဖြင့် လှူဒါန်းထားခဲ့သည့် ဘိုးဘွား ရိပ်သာဆောင်ကို လှည့်လည်ကြည့် ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ်(၁၉)ရက်တွင် ရွာငံမြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးထူးကိုကိုနှင့် လူမှုဝန်ထမ်း ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးကာ စက် ခလုတ်နှိပ်ဖွင့်လှစ်ပြီး ကမ္ပည်း မော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးသည်။
၎င်းနောက် စက်ချုပ်ပညာသင်တန်းပို့ချနေမှုကိုအားပေးပြီး အဆောက် အဦ အတွင်း လှည့်လည် ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်တွင်းမှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၁၀)နှစ် စီမံကိန်း (၂၀၁၃- ၂၀၂၂) (National Strategic Plan on Advancement of Women-NSPAW) ၏ အဓိကလုပ်ငန်းစဉ်(၁၂)ရပ်ပါ အမျိုးသမီးများနှင့် အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းများ အကြောင်း ရှင်းလင်ွးပောကြားပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌက အမှာစကား ပြောကြားသည်။

စစ်တွေအခြေစိုက် စေတနာဆေးခန်းက မင်းပြားမြို့တွင် လူနာတစ်ထောင်ကျော်အား အခမဲ့ကွင်းဆင်းကုသပေး


စစ်တွေမြို့၊ ရွှေကရုဏာစေတနာဆေးခန်းမှ ဦး ဆောင်၍ မင်းပြားမြို့နယ်မှ လူနာတစ်ထောင်ကျော်အား အခမဲ့ကွင်း ဆင်းဆေးကုသပေးခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါ အခမဲ့ ဆေးကုသ ခြင်းကို မတ်လ ၁၉ ရက်က မင်း ပြားမြို့ မြို့နယ်ဓမ္မာရုံတွင်ဆေးကုသပေးခဲ့ခြင်းဖြစ်ပြီး အခမဲ့ ဆေးကုသရေးအဖွဲ့၌ အထူးကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်နှင့် သူနာပြုငါးဆယ်ကျော်ပါဝင်ကြောင်း ဆေးကုသရေးအဖွဲ့မှ ဆရာဝန်တစ်ဦးက ပြောသည်။

Sunday, March 20, 2016

ကျုးဘား-အမေရိကန် စာပို့စနစ် ပြန်အစတွင် လက်ဖက်ရည်သောက်လှမ်းဖိတ်သည့် ကျုးဘား အဘွားအိုထံ အိုဘားမား စာပြန်

ကျုးဘားနှင့် အမေရိကန် နှစ်နိုင်ငံကြား တိုက်ရိုက်စာပို့မှု ပြန်လည်စတင်ချိန် အမေရိကန်သမ္မတ အိုဘားမားထံ အိမ်အလည်လာဖို့ စာလှမ်းပို့သည့် ကျုးဘားအဘွားအိုအား သမ္မတ အိုဘားမားက စာပြန်ခဲ့သည်။

အသက် ၇၆ နှစ်ရှိ အီလီယာနာယာဇာဆိုသူ အဘွားအိုက ဖေဖော်ဝါရီလအတွင်းက ဟာဗာနားရှိ သူ့၏ နေအိမ်သို့ ကော်ဖီသောက် လာရောက်၍ အလည်အပတ်ဝင်ရန် အိုဘားမားအား လှမ်းဖိတ်စာပို့ခဲ့ခြင်းဖြစ်သည်။

မတ် ၁၆ ရက်တွင် သမ္မတအိုဘားမား၏ ပြန်စာက အဘွားအိုယာဇာထံ ရောက်လာခဲ့ပြီး လက်ဖက်ရည်ကော်ဖီသောက် ဖိတ်သည့် အတွက် ကျေးဇူးတင်ကြောင်း သမ္မတပြန်စာတွင် ရေးသားထားသည်။

အဆိုပါ အိုဘားမား၏ ပြန်စာသည် နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်မှ ကျုးဘားသို့ ပထမဆုံး ပြန်လည်အပို့အယူလုပ်သည့် စာများအနက် တစ်စောင်လည်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးတွေရဲ့အမည်စာရင်း ၂၄ရက်နေ့ သိရမည်

ပြည်ထောင်စုအစိုးရဝန်ကြီးများ၏ အမည်စာရင်းကို လာမည့် မတ်လ ၂၄ရက်တွင်
သမ္မတအဖြစ်ရွေးချယ်ခံထားရသူ ဦးထင်ကျော်က လွှတ်တော်တင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ
၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်တို့က အတည်ပြု
ပြောသည်။

"ဝန်ကြီးစာရင်းတွေက ၂၄ရက်နေ့မှာ တင်မယ်" ဟု မတ်လ ၂၀ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်
တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအပြီးတွင် ဦးဝင်းထိန်က သတင်းထောက်များကို ပြောသည်။

လာမည့် ဧပြီလ ၁ရက်တွင် စတင်တာဝန်ယူရမည့် NLDအစိုးရလက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၂၁ခုသာ ထားရှိမည်ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနပေါင်း ၂၁ခုသာ ထားရှိရသည့်အကြောင်းအရင်းကို မတ်လ ၂၁ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့
ရှင်းလင်းတင်ပြမည်ဖြစ်သည်။

သမိုင်းဝင်ခရီးစဉ်တစ်ရပ်အဖြစ် အမေရိကန်သမ္မတအိုဘားမား ကျူးဘားသို့ သွားရောက်

အမေရိကန်သမ္မတအိုဘားမားသည် သမိုင်းဝင်အလည်အပတ်ခရီးစဉ်တစ်ရပ်အဖြစ်နှင့် ကျူးဘားနိုင်ငံသို့ မတ်လ၊ ၂၀ ရက်နေ့တွင် အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သည်။

၂ ရက်တာကြာမြင့်မည့် အဆိုပါအလည်အပတ်ခရီးစဉ်သည် ၈၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတတစ်ဦး ကျူးဘားနိုင်ငံသို့သွားရောက်သည့် အလည်အပတ်ခရီးစဉ်ဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးလ်ကတ်စထရိုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရရှိခဲ့သည့် သဘောတူညီမှုများမှတဆင့် ယခုကဲ့သို့ သမိုင်းဝင် အလည်အပတ်ခရီးစဉ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

တစ်နှစ်စာ အမြီးအမောက်မတည့်သည့်အရာများကို သင်္ကြန်တွင် တကသအဖွဲ့ သံချပ်ထိုးမည်

၂၀၁၅ -၂၀၁၆ တစ်နှစ်လုံးတွင် အမြီးအမောက် မတည့်ခဲ့သည့် အရာများကို သင်္ကြန်တွင်း၌ သံချပ်ထိုးမည်ဟု တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုရဲဇာနည်က မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ ပညားရေးတင်မဟုတ်ဘူး၊ လူမှုရေး၊ စီးပွားရေးပေါ့ တစ်နှစ်လုံးမှာ ကျွန်တော်တို့တွေ့ကြုံခဲ့တဲ့ အရာတွေကို သံချပ်ထိုးသွားမှာပါ" ဟု ၎င်းကပြောသည်။

နက်တူနာပင်လယ်တွင် တရုတ်သင်္ဘော ခိုးဝင်ငါးဖမ်းမှုကြောင့် တရုတ်သံအမတ်ကြီးအား အင်ဒိုနီးရှား သမ္မန်ဆင့်ခေါ်

နက်တူနာပင်လယ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောပါဝင်ပတ်သက်ခဲ့သည့် ဖြစ်ရပ်တစ်ခုကြောင့် အင်ဒိုနီးရှားဆိုင်ရာ တရုတ်သံအမတ်ကြီးအား အင်ဒိုနီးရှားက သမ္မန်ဆင့်ခေါ်ထားကြောင်း ဝန်ကြီးတစ်ဦးက ပြောသည်။

အင်ဒိုနီးရှားက အငြင်းပွားတောင်တရုတ်ပင်လယ်အနီးတွင် တရုတ်ငါးခိုးဖမ်းသည့် သင်္ဘောတစ်စီးအား ဖမ်းဆီးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောက ကြားဝင်နှောင့်ယှက်မှု ရှိခဲ့ကြောင်း ငါးလုပ်ငန်းဝန်ကြီး Susi Pudjiastuti က သတင်းထောက်များအား ပြောသည်။

Friday, March 18, 2016

ညောင်ပင်သာကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ ပစ္စည်းများလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ မတ် ၁၆ ရက် မွန်းလွဲပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံများနှင့် အပျက်အစီး များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဖယ်ရှားခြင်း၊ မီးကြွင်းမီးကျန်များကို အပြီးသတ် မီးငြှိမ်းသတ်ခြင်းတို့အား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ညောင်ပင်သာကျေးရွာရှိ မင်္ဂလာအေးဘုန်းတော်ကြီးကျောင်းတွင် မီးဘေးသင့်ပြည်သူများအတွက် ပစ္စည်းများပေးအပ် လှူဒါန်းပွဲကိုပြုလုပ်ရာ ၀န်ကြီးချုပ်နှင့်တိုင်းမှူးတို့က မီးဘေးသင့် ပြည်သူများအတွက် စားသောက်နေထိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ၀န်ကြီးချုပ်က ဌာနဆိုင်ရာနှင့်အလှူရှင်များမှ လှူဒါန်းသော ပစ္စည်းများကိုလည်းကောင်း၊ တိုင်းမှူးက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသော ပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ မီးဘေးသင့်ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူကြသည်။


Thursday, March 17, 2016

သမ၀ါယမ ၀န်ကြီးဌာန မရှိတော့သော်လည်း သမချေးငွေများ သတ်မှတ်ချိန်အတိုင်း ဆပ်ရမည်

ဝန်ကြီးဌာနမရှိတော့ သော်လည်း ဗဟိုသမ၀ါယမ အ သင်းရှိနေသဖြင့် သမချေးငွေများ ကို သတ်မှတ်သည့် အချိန်အတွင်း ပြန်လည်ပေးဆပ်ရမည်ဟု သမ၀ါယမ၀န်ကြီးဌာနမှ သတင်း ရရှိသည်။အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနများလျှော့ချရာ၌ သမ ၀ါယမ ၀န်ကြီးဌာန ပါဝင်သော် လည်း ဦးစီးဌာနများ၊ အသင်းအဖွဲ့များကျန်ရှိနေသေး၍ ချေးငွေများသတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ သမ၀ါယမ၀န်ကြီးဌာနသည် ၂၀၁၅ ဒီဇင်ဘာနောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ် ၄၈၅ ဘီလီယံကျော် ထုတ်ချေးထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

တပ်မတော်နှင့်ကေအိုင်အေ မြစ်ကြီးနားဝန်းကျင်တွင် စစ်ရေးတင်းမာ

မြစ်ကြီးနားမြို့နယ် အတွင်းတွင် မြန်မာ့တပ်မတော် နှင့် ကေအိုင်အေတို့ကြား စစ်ရေး တင်းမာမှုများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့မှ ၁၀ မိုင်ခန့် အကွာ နမ်ကျင်ကျေးရွာဝန်းကျင် တွင် စစ်ရေးအခြေအနေတင်းမာ နေပြီး အစိုးရဘက်က တပ်အင် အား တိုးချဲ့ထားခြင်းကြောင့်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ အကြောင်းကြား တင်ပြထား ကြောင်း ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ (PCG)က ပြော သည်။

‘‘မပခကိုပဲ မနေ့က တင်ပြ ထားပါတယ်။ အကြောင်းတော့ မပြန်သေးပါဘူး’’ဟု ယင်းအဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က မတ်လ ၁၆ ရက် ညနေတွင်ပြောသည်။

ကေအိုင်အေထိပ်ပိုင်း တာဝန်ရှိသူတစ်ဦးက နမ်ကျင် ကျေးရွာအနီး တပ်မဟာ (၂)လက်အောက်တပ်ရင်း (၁၁)နယ် မြေတွင် တပ်မတော်ဘက်မှ အင်အားတိုးချဲ့လာခြင်းကြောင့် တင်း မာမှုများ ဖြစ်ပွားနေကြောင်း ပြောသည်။

‘‘PCG ကနေတစ်ဆင့် ထုတ် ပေးဖို့ ပြောထားပါတယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

Wednesday, March 16, 2016

ထိုင်းရဲကိုသတ်မှုဖြင့်အလိုရှိနေသည့် ဒုက္ခသည် ၄ ဦးကို KNLA တပ်ဖွဲ့က မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီး


တာ့ခ်စီရင်စု အတွင်းရှိ မြန်မာနိုင်ငံနှင့်နယ်စပ်တွင်ရှိသော ထာ့ဆောင်ယန်းခရိုင်တွင် ရဲအရာရှိတစ်ဦးကိုသတ်ဖြတ်ပြီး တိမ်းရှောင်နေသူများဟု ထိုင်းရဲတပ်ဖွဲ့မှ ယူဆထားသော ယင်းအမျိုးသား ၄ ဦးအနက်မှ ၃ ဦးမှာ ညီအစ်ကိုများဖြစ်ပြီး ထာ့ဆောင်ယန်းခရိုင်အတွင်းရှိ ဘန်းမဲလာ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်အဖြစ်ခိုလှုံနေသူများဖြစ်သည်။
အဆိုပါ လူသတ်မှုဖြင့်သံသယရှိသူ ၄  ဦးကို ထိုင်းရဲတပ်ဖွဲ့၏တောင်းဆိုမှုအရ KNLA-PC တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ထာ့ဆောင်ယန်းရဲအရာရှိများထံ လွှဲပြောင်းပေးခဲ့သည်။
အသတ်ခံရသည့် ရဲအရာရှိ၏ အလောင်းကို အင်္ဂါနေ့ကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါရဲအရာရှိသည် တစ်ကြိမ် ပစ်ခတ်ခံထားရကာ၊ ၆ ကြိမ် ဓါးနှင့် အထိုးခံထားရပြီး လည်ပင်းကိုလည်း လှီးဖြတ်ခံထားရ သည်ကိုတွေ့ရှိရသည်။

ပင်လယ်သွားဆေးရုံရေယာဉ်-ရွှေပုဇွန် နှင့် မြစ်ရေယာဉ်-စကု တို့ ရန်ကုန်-လပွတ္တာ-ရန်ကုန် ခရီးစဉ် အတိုင်း ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ထွက်ခွာ

ပင်လယ်သွားဆေးရုံရေယာဉ်-ရွှေပုဇွန် နှင့် မြစ်ရေယာဉ်-စကု တို့သည် ရန်ကုန်-လပွတ္တာ-ရန်ကုန် ခရီးစဉ်အတိုင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် အတွက် ယနေ့နံနက်ပိုင်း ၀၇၃၀ နာရီတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာသွားပြီ ဖြစ်ပါသည်။
ယခုခရီးစဉ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုစစ်သည် စုစုပေါင်း(၂၅)ဦးတို့ လိုက်ပါသွားပါသည်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



နျူအန္တရာယ် ငါးနှစ်အလွန် ဖူကူရှီးမား

၂၀၁၁ ခုနှစ်က ဖူကူရှီးမားစီရင်စု တိုမီအိုကာဒေသတွင် မြေငလျင်နှင့် ဆူနာမီ ကြောင့် ပျက်စီးသွားပြီး ဖယ်ရှားကယ်ဆယ်ရေးလုပ်ဆောင်ထားသောဇုန်၌ လူသူ ကင်းမဲ့နေသော အိမ်များနှင့် လမ်းများကို ၂၀၁၆ မတ်လက တွေ့ရစဉ်
ဖူကူရှီးမားဒေသတွင် ဂျပန် နိုင်ငံ၏ အဆိုးရွားဆုံးနျူကလီး ယားဘေးဒုက္ခ ဖြစ်ပေါ်ခဲ့သည်မှာ ငါးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လမ်းများ ပြန်လည်ဖောက်လုပ်ထားပြီး လျှင်စစ်မီးများ ပြန်လည်သွယ်တန်းထားပြီဖြစ်သည်။ သို့သော် ဖူကူရှီးမားစီရင်စုတွင် နေထိုင်သူ လူများစွာ အတွက်မူ ပုံမှန်ဘ၀ အခြေအနေ ပြန်မရောက်သေးပေ။
ဖူကူရှီးမားမြို့ဒေသ အများအပြားသည် လူနေထိုင်သော အနေအထား ရောက်နေပြီဖြစ်သည်။ သို့သော်နျူကလီးယားစက်ရုံနှင့် နီးကပ်သော မြို့နယ်အများအပြားကိုမူ ၀င်ခွင့်ပိတ်ပင်ထားသည်။ အစိုးရ၏ ဒေတာ အချက်အလက် များအရ ဖူကူရှီးမားစီရင်စု၏ နယ်ပယ် ၇ ရာခိုင်နှုန်းသည် ဓာတ်ရောင်ခြည်သင့်မှု မြင့်မားနေသေး၍ လူနေထိုင်၍ မရသေးပေ။
ပျက်စီးသွားသော အဏုမြူ စက်ရုံမှ ၃၉ မိုင် ကွာဝေးသော ဖူကူရှီးမားမြို့၏ ဓာတ်ရောင်ခြည်သင့်မှုအဆင့်မှာ ရှန်ဟိုင်းမြို့ထက် နည်းပါးပါသည်။ တိုကျိုမြို့လယ် ဓာတ်ရောင်ခြည်သင့်မှု အဆင့်မှာ နယူးယောက်၊ ဆိုးလ်နှင့် ပါရီမြို့ တို့ထက် နည်းပါးသည်။
တံဆိပ်ခေါင်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုပြီး တိုမီ အိုကီဒေသတွင် ကြာရှည်စွာ နေထိုင်ခဲ့သူ ဟာရူဟီဆာအန်ဒိုက ၎င်း၏ နေအိမ်ကို လိုက်ပြသည်။ (နေ့ခင်းပိုင်းသတ်မှတ်ထားသော အချိန်တစ်ခုတွင် ယင်းဒေသသို့ သွားရောက် လည်ပတ်ခွင့်ပြု သည်) မျက်နှာကြက်ပြားများ ကြမ်းပြင်ပေါ်တွင် ပြုတ်ကျလျက် နှင့်ပင် ၎င်း၏ နေအိမ်မှာ မြေ ငလျင်လှုပ်ပြီးခါစ အနေအထားအတိုင်း ကျန်ရှိနေသေးသည်။
‘‘ကျွန်တော့်အိမ်ကို ဒီလိုမြင်တွေ့ရတဲ့အခါ ကျွန်တော်စိတ် အားမငယ်ဘဲ မနေနိုင်ဘူး’’ဟု အန်ဒို (၆၁) နှစ်ကဆိုသည်။
အန်ဒိုသည် ယင်းနေရာမှ တစ်နာရီခန့်ဝေးသော အီဝါကီစီးတီးတွင် ၂၀၁၄ က အိမ်တစ်လုံး ၀ယ်ယူခဲ့ပြီး ယခုအခါယင်းနေရာသို့ ပြောင်းရွှေ့နေထိုင်နေပြီဖြစ်သည်။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့ တိုမီအိုကာမှာပဲ နေချင် တယ်’’ဟု ၎င်းက ဆိုသည်။
၂၀၁၇ ဧပြီတွင်မူ တိုမီအိုကာ ဒေသအများစုသို့ ဒေသခံများအား ပြန်လည် နထိုင်ခွင့်ပြုမည်ဖြစ်သည်။ အနီးအနားရှိ နာဟာရာနှင့် ကာဝါအူချီမြို့နယ်များတွင်လည်း ယမန်နှစ်အတွင်း အလားတူ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ပါသည်။
လူပေါင်း ၁၄,၀၀၀ နေထိုင် သော မြို့တွင် ၁၄ ရာခိုင်နှုန်းကသာ ပြန်လည်နေထိုင်လိုသည်ဟု ပြောကြားကြောင်း ယမန်နှစ်က ပြုလုပ်ခဲ့သော ဂျပန်ပြန်လည်တည် ဆောက်ရေးအေဂျင်စီ စစ်တမ်းတွင် တွေ့ရှိခဲ့သည်။ ၅၁ ရာခိုင်နှုန်းက နေရပ်ပြန်လာတော့မည် မဟုတ်ဟု ပြောကြားကြသည်။ ၎င်းတို့၏ အဓိက စိုးရိမ်ပူပန်မှုမှာ ဓာတ်ရောင်ခြည်သင့်ခြင်းနှင့် ဒေသတွင်း၌ ကျောင်းများ နည်းပါးမှုဖြစ်သည်။
ဖူကူရှီးမားစီရင်စု တစ်ခုလုံး အနေဖြင့်ဆိုလျှင် ယင်း၏ လူဦးရေ  ၆ ရာခိုင်နှုန်းကို ဆုံးရှုံးသွားပြီဖြစ်သည်။
‘‘ပြန်ဖို့ အစီအစဉ် မရှိပါဘူး’’ ဟု ယာယီ အိမ်ရာတစ်ခုမှာပင် ရှိနေသေးသော ယာဆူနာအိုအန်ဒို (၄၈) နှစ်က ပြောပါသည်။
‘‘ဖူကူရှီးမားစက်ရုံ အမှတ် (၁)မှာ ဘာဖြစ်မလဲ ဆိုတာ မသိတဲ့ နေရာတစ်ခုကို ပြန်ဖို့ ခက်ခဲပါ တယ်’’ဟု ပျက်စီးနေသော ဓာတ် ပေါင်းဖိုများ စက်ရုံကို ရည်ညွန်း၍ ၎င်းက ပြောသည်။
နေအိမ်မှ ရွှေ့ပြောင်းနေရပြီး ဘ၀ကို ပိုပြီးအသားကျနေပြီဟု အန်ဒိုကဆိုပြီး သူ့သမီးကျောင်းမတက်နိုင်သော နေရာသို့ မပြန်ချင်ဟု ပြောသည်။ ယင်းနေရာတွင် ဆေးခန်းနှင့် ဈေးဆိုင်များလည်း မရှိဟု ၎င်းက ဆိုသည်။
ဓာတ်ရောင်ခြည်သင့်ခြင်း နှင့် ကင်ဆာရောဂါဖြစ်ပွားမှု ဆက်စပ်ရခြင်းမှာ ခက်ခဲပါသည်။ သို့ သော်ဖူကူရှီးမားနံပါတ် (၁) စက် ရုံအလုပ်သမားတစ်ဦးတွင် တွေ့ ရှိရသော သွေးကင်ဆာမှာ ၂၀၁၁ မတ်လ အဖြစ်အပျက်၏ ရလဒ်ဖြစ်သည် ဆိုခြင်းကို ဂျပန်အစိုးရက ယမန်နှစ်တွင် အတည်ပြုခဲ့သည်။

ဓာတ်ရောင်ခြည်သင့်ခြင်းကို တိုက်ရိုက် ထိခိုက်မှုအပြင် ဘေးဒုက္ခကြောင့်ဖြစ်သော စိတ်ဒဏ်ရာ နှင့် ထပ်ကာထပ်ကာ နေအိမ်ရွှေ့ပြောင်းရခြင်း စိတ်ဖိစီးမှုမှနေ၍ ကျန်းမာရေး ပြဿနာအများအပြားပေါ်ထွက်ခဲ့သည်။ ၂၀၁၁ က ပြုလုပ်ခဲ့သော ဖူကူရှီးမားဆေးတက္ကသိုလ် စစ်တမ်းတွင် ရွှေ့ပြောင်း ကယ်ဆယ်ခံရသူ ငါးဦးတွင် တစ်ဦးမှာ ဘေးဒုက္ခအလွန် စိတ်ဖိစီးမှု ရောဂါတစ်ခခံစားနေရသည်ကို တွေ့ရှိခဲ့သည်။
‘‘တခြားလူတွေ အများကြီးလိုပဲ ကျွန်မဆေးကုသမှု ခံယူရလုနီးပါး စိတ်ကျရောဂါဖြစ်နေခဲ့တယ်’’ဟု ဖူကူးရှီးမားမြောက်ဘက် အကီတာဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော အကီကိုရှီမီဇု (၅၈) နှစ်ကဘးဒုက္ခဖြစ်ပြီး
ခြောက်လတာ ကာလအကြောင်း ပြန်ပြောင်းပြောပြသည်။ ယခုအခါတွင်မူ ရှီမီဇုတစ်ယောက် တိုမီအိုကာ လူမှုစင်တာတွင် အလုပ်လုပ်နေသည်။ ဒေသခံများအတွက် ခြင်းရက်နည်းကဲ့သို့ သင်တန်းများကို ကမကထ လုပ်ဦးဆောင်သည်။ ‘‘အလုပ်လုပ်နေခဲ့တာ အထောက်အကူ ဖြစ်တယ်လို့ ခံစားရတယ်’’ ဟု ၎င်းက ပြောသည်။
ဖူကူရှီးမား အခြေစိုက် ရှေ့နေတစ်ဦးဖြစ်သော ကာအိုရီဆူဂါနာမီက ဖူကူရှီးမား တက္ကသိုလ် လေ့လာမှုတွင် တွေ့ရှိရသော အချက်တစ်ချက်ကို ထုတ်ပြောသည်။ ကလေးသူငယ်များကို နေအိမ် ပြင်ပတွင် ဆော့ကစားခွင့်ပေးရန် မိဘများက တွန့်ဆုတ်နေခြင်းဖြစ်သည်။ ယင်းမှာ ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် စိုးရိမ်စရာ နောက်ဆက်တွဲဖြစ်ရပ်များ ရှိလာနိုင်သည်ဟု ဆူဂါနာမီက ဆိုသည်။
ဘေးဒုက္ခဇုန်တွင် ပြန်လည် တည်ဆောက်ရေးများ လုပ်ဆောင်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း အများအပြား ရှိနေသည်။ ဓာတ်ရောင်ခြည်သင့်မှု ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများနှင့် တည်ဆောက်ရေးများနှင့် ဆက် စပ်သော အလုပ်နေရာ အများအပြားပေါ်ထွက်ခဲ့၍ ဖူကူရှီးမားစီရင်စုသည် အလုပ်လျှောက်ထားသူများအတွက် အခွင့်အလမ်း အများအပြား ရှိလာသည်။
ဒေသခံများကလည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြသည်။ ယိုရှီယူကီအင်ဒိုမှာ တိုမီအိုကာမှ ဟိုတယ်မန်နေဂျာဟောင်း တစ်ဦးဖြစ်သည်။
သူက ဓာတ်ရောင်ခြည်သင့်မှုများ ဖယ်ရှားရှင်းလင်းရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လာရောက် လုပ်ကိုင်သော အလုပ်သမားများကို ပစ်မှတ်ထား၍ နေ့လယ်စာ ထမင်းချိုင့်ပို့သော လုပ်ငန်းစတင်ခဲ့သည်။ ၎င်း၏ ကုမ္ပဏီနာမည်ကို သူယခင်အလုပ်လုပ်ခဲ့သော ဟိုတယ်နာမည် မှည့်ထားသည်။
‘‘ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်’’ဟု အင်ဒို (၄၃)နှစ်က ဆိုသည်။
ဖူကူရှီးမားဘေးဒုက္ခအပြီး ခြောက်လအကြာတွင် တစ်နေ့ လျှင် ထမင်းဘူး ၃၆ ဘူးနှင့် စတင်ခဲ့သော လုပ်ငန်းသည် ယခုဆိုလျှင် နေ့စဉ် ထမင်းဘူးပေါင်း ၁,၃၀၀ နှင့် ၁,၅၀၀ ကြား ပို့ပေးနေရသည်။ အလုပ်သမားဦးရေမှာလည်း ၃၈ ဦးသို့ တိုးလာခဲ့ပြီဖြစ်သည်။
တိုမီအိုကာဒေသတွင် လမ်းစပွင့်လာသော အရာတစ်ခုလည်း ရှိသည်။ Sharp ကော်ပိုရေးရှင်း က ယင်းဒေသတွင် နှစ် (၂၀) ကန်ထရိုက်စာချုပ်ဖြင့် မြေငှားခြင်းဖြစ်သည်။ ဆိုလာစွမ်းအင်စက်ရုံ တစ်ခု ယမန်နှစ်အတွင်း စတင် လည်ပတ်ခဲ့သည်။ ယင်းလုပ်ငန်းမှနေ၍ တိုမီအိုကာမြို့နယ် အတွက် နှစ်ပေါင်း ၂၀ တွင် ၀င်ငွေယန်းငွေ ၁၁၂ သန်းရရှိစေမည်ဟု Sharp ကိုယ်စားလှယ် ယိုအိချိအာအိုကီက ဆိုသည်။