မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။
ယင်းသို့ မေလအတွက် ထပ်မံချထားပေးလိုက်သောကြောင့် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းအထိရှိရာ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။
ကိန်းဂဏန်းအားဖြင့် ယင်းသို့ ရှိနေသော်လည်း အိမ်တိုင်းဖုန်းတစ်လုံးကိုင်နိုင်သည့် အခြေအနေကို အမှန်တကယ်ရောက်ရှိခြင်း မရှိသေးဟု Mr.Htet Computer ဆိုင်၏ ဒါရိုက်တာ ကိုထက်လင်းစိုးက ပြောသည်။
ကိုထက်လင်းစိုးက“အရေအတွက်အရ အိမ်တစ်အိမ်မှာ ဖုန်းတစ်လုံးအသုံးပြုနိုင်ရမှာဖြစ်ပေမယ့် အမှန်တကယ် အိမ်တိုင်းဖုန်း အသုံးမပြုနိုင်သေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့လည်း မဲနှိုက်ရောင်းချ ပေးတဲ့စနစ်နဲ့ ရောင်းချပေးတာမျိုး မဟုတ်ပဲ လိုအပ်သူတွေ အမှန်တကယ်ဝယ်ယူ အသုံးပြုနိုင်တဲ့ အနေအထားမျိုး ပြုလုပ်ပေးသင့်တယ်။ သူတို့အနေနဲ့လည်း ပြည်ပအော်ပရေတာတာ မရောင်းချခင်တည်းက ဆင်းမ်ကတ် အရေအတွက်ကို အများအပြားတောင်ချထားပေးသင့်တယ်”ဟု သုံးသပ်ပြောကြားသည်။