Thursday, November 19, 2015

ပါရီတိုက်ခိုက်မှု ကြိုးကိုင်သူ၏ ကံကြမ္မာ မည်သို့ရှိသည် မသိရနိုင်သေး

ပါရီဆင်ခြေဖုံးရပ်တွင် နိုဝင်ဘာ ၁၃ တိုက်ခိုက်မှုကျုးလွန်သူသံသယရှိသူများ ရှိသည့် တိုက်ခန်းကို ၀င်စီးခဲ့သော်လည်း တိုက်ခိုက်မှုများအား အဓိကကြိုးကိုင်သူ၏ ကံကြမ္မာက မည်သို့ရှိသည်ကို မသိရသေးဘဲ ရှိနေဆဲဖြစ်သည်ဟု ပြင်သစ်ရှေ့နေချုပ်က ပြောသည်။
အဗ္ဗဒယ်ဟာမစ်အဘာအော့ ဆိုသူသည် တိုက်ခိုက်မှုများကို ကြိုးကိုင်ခဲ့သူဖြစ်ပြီး စိန့်ဒင်းနစ်ဆင်ခြေဖုံးရပ်တွင် ရဲက ၀င်စီးခဲ့ရာ ဖမ်းမိလူရှစ်ဦးတွင် မပါဝင်လာကြောင်း ဖရန့်စွာမိုလင်းက ပြောသည်။
သို့သော် တိုက်ခန်းအပျက်အစီးများအောက် သေဆုံးသူများ၏ အလောင်းများကို စစ်ဆေးအတည်ပြုနေဆဲဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
စီးနင်းမှုတွင် သံသယရှိ အမျိုးသမီးတစ်ဦးက ကိုယ်ကိုကို ဗုံးဖောက်ခွဲသေဆုံးကာ ကျန်တစ်ဦး ပစ်သတ်ခံရ သေဆုံးသည်။

နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပနိုင်မည်ဟု ဦးအောင်မင်းပြော

လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ဒုတိယအကြိမ် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ရမည်လည်းဖြစ်သည်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ လာမည့် ရက် ၉၀ ပြည့်တဲ့ ဇန်နဝါရီလမှာ ကျနော်တို့ နိုင်ငံရေးဆွေးနိုင်ဖို့ ဖြစ်ပါတယ်။ အကယ်၍သာ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့မျှော်မှန်းထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်မယ်လို့ ကျနော်တို့ အနေနဲ့ ယူဆပါတယ်”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

Wednesday, November 18, 2015

အာဆီယံ၏ မျှော်လင့်ချက်ဖြစ်လာသော မြန်မာ့ဒီမိုကရေစီခရီး

ဒီချုပ်ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ ပျော်ရွှင်အောင်ပွဲခံနေသော ပြည်သူအချို့ ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ
‘‘ဘာကြောင့် မြန်မာပြည်သူတွေက ဒါကို လုပ်နိုင်ပြီး ဗီယက်နမ်ပြည်သူတွေက မလုပ်နိုင်တာ လဲ’’

ဗီယက်နမ်ပြည်သူ သန်း ၉၀ ယခုစဉ်းစားဆင်ခြင်နေကြသည့် မေးခွန်းတစ်ခုဖြစ်သည်။ မြန်မာ့ ရွေးကောက်ပွဲသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံရှိ လူများအပေါ် သို့ စိတ်ဓာတ်ရေးရာ သက်ရောက်မှုကြီး တစ်ခုဖြစ်စေခဲ့ပါပြီ။ အ တိုက်အခံဒီမိုကရေစီခေါင်းဆောင် အနိုင်ရသည့် ရွေးကောက်ပွဲကြီးကို မြန်မာက ကျင်းပကြောင်းကြားသိရသောအခါ ဗီယက်နမ်ရှိ တက်ကြွလှုပ်ရှားသူများမှာ ၀မ်းသာမျက်ရည်များပင် ကျကြ ကြောင်း သတင်းများတွင် တွေ့ရ သည်။

‘‘ဒီမေးခွန်းဟာ ဗီယက်နမ် ပြည်သူတွေကြားမှာ မျိုးချစ်စိတ်နဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လို စိတ်ကို ကျိန်းသေပေါက် လှုံ့ ဆော်မှာပဲ’’ဟု ဟနွိုင်းမြို့မှ ရှေ့ နေ ငုယင်ဗင်ဒိုင်က အမေရိကန် အခြေစိုက် ဗီယက်နမ်ဘာသာ သတင်းဌာနတစ်ခုအား ငိုသံပါဖြင့် ပြောကြားခဲ့သည်။ သိပ်မဝေး တော့သည့် တစ်နေ့တွင် ဗီယက် နမ်လည်း မြန်မာကဲ့သို့ လွတ်လပ် သော ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်း
မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲနှင့် မြန်မာယူ-၂၁ အသင်း

ဗီယက်နမ်နိုင်ငံ၏ ဘောလုံး လောကဖွံ့ဖြိုးတိုးတက်ရေးအ တွက် နှစ်စဉ်ကျင်းပလျက်ရှိသည့် အသက်(၂၁)နှစ်အောက် သန်နိုင်း သတင်းစာဖလား (International U-21 Thanh Nien Newspaper Cup 2015) ဖိတ်ခေါ်
ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကိုးကြိမ်မြောက်ဖြစ်လာမည့် ယင်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ သောင်နတ်အား ကစားကွင်း၌ နိုဝင်ဘာ ၂၀ မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံ ကိုယ် စားပြု နှစ်သင်းဖြစ်သည့် သန်နိုင်း ယူ-၂၁ အသင်းနှင့် ဟောင်အမ်း ဂယ်လိုင် ယူ-၂၁ အသင်းတို့အ ပြင် ဧည့်သည်အသင်းများအဖြစ် တောင်ကိုရီးယား ယူ-၁၉အသင်း၊ စင်ကာပူ ယူ-၂၁ အသင်း၊ မြန်မာ ယူ-၂၁ အသင်းနှင့် မြောင်တောင် ယူ-၁၉ အသင်း(ထိုင်း) စသည့် စုစုပေါင်း ခြောက်သင်းဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သုံးသင်းပါ အုပ်စုနှစ်စုခွဲဝေထားသည်။

Tuesday, November 17, 2015

ကလေးတွင် ရေဘေးအလွန် ပြန်လည်ထူထောင်ရေး ၅၀ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၅ခုနှစ်၊ ဇူလိုင်လက ဖြစ်ပွားခဲ့သောရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရာ လက်ရှိတွင် ကလေးမြို့၌ အိမ် ၅၀ရာခိုင်နှုန်းခန့် ပြန်ဆောက်ပေးပြီးပြီဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဦးစီး ဦးစဝီလီဖရန့်က မဇ္ဈိမကို ပြောသည်။

"ကလေးမှာ အိမ်အသစ်ဆောက်ပေးရမယ့် ၃၅၅ လုံးမှာ ၅၀ရာခိုင်နှုန်းလောက်ပြီးပါပြီ။ တမူးမှာကတော့ ၃၈၅လုံးမှာ ၄၀ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ တစိတ်တပိုင်းပျက်စီးသွားတဲ့အိမ်တွေကိုတော့ လိုအပ်တဲ့ပစ္စည်းတွေ ပျက်စီးတဲ့အတိုင်းအတာအလိုက် ပေးဖို့လုပ်နေပါတယ်" ဟု တိုင်းဦးစီးဖြစ်သူ ဦးစဝီလီဖရန့်က ပြောသည်။

အိန္ဒိယရေကြီးမှု လူပေါင်း ၇၀ ကျော် သေဆုံးပြီဖြစ်



အိန္ဒိယနိုင်ငံ တောင်ပိုင်း ချန်နိုင်းမြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ကာ လူပေါင်း ၇၀ ကျော် သေဆုံးပြီဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။
အဓိကလမ်းမကြီးများမှာလည်း ရေလွှမ်းနေပြီး ရုံးများ၊ စာသင်ကျောင်းများ၊ ကောလိပ်များ မိုးကြီးခြင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ပိတ်ထားရသည်။

ယခု မိုးသည်းထန်စွာရွာသွန်းမှုက သီရိလင်္ကာနိုင်ငံတွင်လည်း ကြုံတွေ့ပြီး လူပေါင်း ၈၀၀၀၀ ကျော်ထက်မနည်း မိုးကြီးမှုဒဏ်ကို ကြုံတွေ့နေသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ အိန္ဒိယတမီလ်နာဒူးပြည်နယ်နှင့် သီရိလင်္ကာတို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေခြင်းဖြစ်သည်။

တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် အီးယူ၏ ရဲများအကူအညီပေးရေးအဖွဲ့တွေ့ဆုံမှု လွှတ်တော်ကို အစီရင်ခံ

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် Support to Reform of The Myanmar Police Force အဖွဲ့တို့ တွေ့ဆုံ၍ ရဲတပ်ဖွဲ့ တာဝန်ခံမှုဆိုင်ရာ ဥပဒေရေးဆွဲရေးအကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာ ၁၇ရက်က လွှတ်တော်သို့ အစီခံခဲ့သည်။

ဒေါ်အောင်ဆန်းဆုကြည်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ပထမအကြိမ်၊ပြည်သူ့လွှတ်တော် (၁၃) ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့ခြင်းဖြစ်သည်။

ကော်မတီသည် Support to Reform of The Myanmar Police Force အဖွဲ့ တွေ့ဆုံ၍ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ရဲနှင့်စစ်တပ်၏ အခန်းကဏ္ဍပြောင်းလဲခြင်းနှင့်လွှတ်တော်ဆိုင်ရာကြီးကြပ်ခြင်း၊ ရဲတပ်ဖွဲ့ တာဝန်ခံမှုဆိုင်ရာ ဥပဒေရေဆွဲခြင်း၊လွှတ်တော်ဆိုင်ရာကြီးကြပ်ခြင်းအား ပိုမိုကောင်းမွန်စေရန် စီမံချက် များကို အကောင်းအထည်ဖော်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

ဦးသိန်းစိန် လက်အောက်တွင်သာ နိုင်ငံတည်ငြိမ်နိုင်ဟု ဦးဝီရသူမိန့်

မြန်မာနိုင်ငံ၏ အခြေအနေမှာ သမ္မတဦးသိန်းစိန်လက်အောက်တွင်သာ တည်ငြိမ်မှုရှိလိမ့်မည်ဟု ရွေးကောက်ပွဲရလဒ်အပေါ် အံ့သြ စိတ်ပျက်သည့် ဦးဝီရသူက မိန့်ကြားသည်။

"မြန်မာနိုင်ငံက သမ္မတဦးသိန်းစိန်လက်အောက်မှာသာ တည်ငြိမ်မှုရှိပါလိမ့်မယ်။ သမ္မတဦးသိန်းစိန်ကပဲ ရခိုင်က မွတ်စလင်တွေကို ထိန်းနိုင်မှာဖြစ်ပါတယ်။"ဟု မစိုးရိမ်ကျောင်းတိုက်တွင် သည်နေးရှင်းက အင်တာဗျူးရာ၌ ဦးဝီရသူက မိန့်ကြားခဲ့သည်။ ဦးဝီရသူက အကြမ်းဖက်ပဋိပက္ခများကြောင့် သေကျေပျက်စီးမှုများ၊ နေရပ်ပြောင်းရွှေ့ရသူများ ထောင်ပေါင်းများစွာရှိခဲ့သည့် ရခိုင်ပြည်နယ်အခြေအနေကို ရည်ညွန်းကာ မိန့်ကြားခြင်းဖြစ်သည်။

ဦးဝီရသူနှင့်အတူ အမျိုးဘာသာစောင့်ရှောက်ရေးအသင်း မဘသအဖွဲ့တို့သည် လွှတ်တော်တွင် မွတ်စလင်အခွင့်အရေးအပေါ် တင်းကြပ်သည့် ဥပဒေများကို အတည်ဖြစ်ရန် တွန်းတိုက်လှုပ်ဆောင်ခဲ့သည်။ ရဟန်းဘဝဖြင့် ၂၈ နှစ် နေထိုင်ခဲ့သူ ဦးဝီရသူက ဘာသာရေးနှင့် ပတ်သက်ကာ ဝေဖန်မှုများ ရှိထားသော်လည်း ဗုဒ္ဓဘာသာတစ်ဦးအနေဖြင့် မွတ်စလင်များအတွက် ရန်လိုမုန်းထားစိတ်မရှိကြောင်း အခိုင်အမာဆိုသည်။

စမတ်ဖုန်းမရှိတဲ့ နေ့တစ်နေ့ ရဲ့ ကောင်းကျိုး ( ၅ ) သွယ်

လူမှု မီဒီယာ တွေဟာ ယနေ့ခေတ် လူနေမှု ဘ၀တွေကို အကြီးအကျယ် လွှမ်းမိုးထားပါတယ်။ လူတွေဟာ လူမှု မီဒီယာကို စွဲလန်းမှုကြောင့် နေ့စဉ် အချိန်နာရီတွေထဲမှာ စမတ်ဖုန်းသုံးစွဲချိန်ကို ပါ ထည့်သွင်းထားရပါတယ်။ အကယ်၍ ကျွန်ုပ်တို့သာ စမတ်ဖုန်းနဲ့ တစ်နေကုန် ဝေးကွာနေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ ဒါကို Elite Daily ဆိုတဲ့ ၀က်ဘ်ဆိုက်က အခုလို အကောင်းမြင် ရှုထောင့်ကနေ ဖော်ပြပေးထားပါတယ်။
၁။ မနက်ပိုင်း ရုံး(သို့) ကျောင်းကို နာရီဝက်ခန့် နောက်ကျခြင်း ကင်းဝေးသွားမယ်
လူတွေဟာ မနက် အိပ်ရာနိုးတာနဲ့ ပထမဆုံးရှာဖွေတာ စမတ်ဖုန်းပါ။ အိပ်ရာကနိုးတာနဲ့ မျက်နှာမသစ်ခင်မှာပဲ ဖုန်းကို ဖွင့်ပြီး လူမှုမီဒီယာ နဲ့ အီးမေးလ်က အသိပေးမှု တွေဖတ်ရှုလေ့ရှိပါတယ်။ ဒါကြောင့် သင့်ထံ စမတ်ဖုန်းမရှိတော့တဲ့ နေ့ဆိုရင် မနက်ပိုင်းမှာ နာရီဝက်လောက် အချိန်ပိုထွက်လာပါလိမ့်မယ်။
၂။ လမ်းပေါ်မှာ (သို့) ဓါတ်လှေကားထဲမှာ တွေ့တဲ့လူတွေကို ဖော်ရွေစွာဆက်ဆံမိပါလိမ့်မယ်
အမှန် က သင်ဟာ မခင်တတ် မမင်တတ်တဲ့ လူတစ်ယောက်တော့မဟုတ်ပါဘူး။ အထိုက်အလျောက်တော့ ဖော်ရွေပါတယ်။ ဒါပေမယ့် အမြဲတမ်း စမတ်ဖုန်းနဲ့ မျက်လုံးနဲ့ မခွဲခွာတဲ့အတွက် လမ်းမှာ တွေ့နေကြ လူတွေကို သတိ မမူမိသလို ရယ်ပြ ၊ ပြုံးပြချင်းလည်း မဲ့နေပါလိမ့်မယ်။ ဖုန်းမရှိတဲ့ နေ့မှသာ သင့်ရဲ့ ဖော်ရွေမှုတွေကို သူတို့တွေ သိသွားမှာပါ။

ဒီချုပ် အမတ်များ ၀န်ကြီး၊ ဒုဝန်ကြီးဖြစ်ရေး စိတ်ကူးမယဉ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရဖွဲ့သည့်အ ခါ ဒီချုပ်အမတ်များ ၀န်ကြီး၊ ဒုဝန်ကြီးများဖြစ်ရေး စိတ်ကူး မယဉ်ကြရန် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။
‘‘ပါတီက အစိုးရဖွဲ့တဲ့အခါ ၀န်ကြီး၊ ဒုဝန်ကြီးတွေဖြစ်ဖို့ စိတ်ကူးမယဉ်ကြပါနဲ့။ ဒါပဲပြောတာ’’ ဟု ဦးဝင်းထိန်က နိုဝင်ဘာ ၁၆ ရက် တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ရှိ ဒီချုပ်အမတ်များ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း ၌ပြုလုပ်သော အစည်းအဝေးနှင့် ပတ်သက်၍ မီဒီယာများအား ပြောကြားသည်။
ယင်းနှင့် ပတ်သက်၍ ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်အချို့ထံ ဆက်သွယ်မေးမြန်းသော်လည်း မိမိတို့အား မီဒီယာများသို့ ဖြေကြားခြင်းမပြုရန် ညွှန်ကြားထား၍ မပြောကြားနိုင်ကြောင်း ၎င်းတို့ကပြောကြားသည်။
ပထမအကြိမ် ပြည်သူ့လွှတ် တော်(၁၃)ကြိမ်မြောက် အစည်းအ ဝေးပထမနေ့ (နိုဝင်ဘာ ၁၆ ရက်) ပြီးဆုံးသည့်အချိန်တွင် တရားဥ ပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီရုံးခန်း I-12 ၌ ဒီချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်ဟု ဦးဝင်းထိန်က ဆိုသည်။

ရထားတွဲသစ် ၁၀၀ ၀ယ်ယူရေး၊ ဒလတံတားတည်ဆောက်ရေး ချေးငွေအတွက် မြန်မာ-ကိုရီးယားလက်မှတ်ရေးထိုး

မြန်မာ-ကိုရီးယား နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံနေစဉ်(ဓာတ်ပုံ-MOI)
ကိုးရီးယားနိုင်ငံစီးပွား ရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက် ရေးရန်ပုံငွေ(EDCF)ချေးငွေဖြင့် ဒလချစ်ကြည်ရေးတံတားတည် ဆောက်ရေးနှင့် လူစီးရထားတွဲ သစ် ၁၀၀ တစ်ဝယ်ယူရေးသဘော တူညီချက်ကို နိုဝင်ဘာ ၁၆ရက်က နေပြည်တော် KempinskiHotel တွင် ကိုရီးယားနှင့် မြန်မာလက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါသဘောတူညီချက် ကို မြန်မာနိုင်ငံဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ကိုးရီးယားပို့ကုန် သွင်းကုန်ဘဏ်(Korea Exim Bank)တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်နှင့် ဒလမြို့နယ်တို့ တွင် ရေလမ်းခရီးကိုသာ အသုံးပြု ကာ ကုန်စည်များပို့ဆောင်ဆက် သွယ်သွားလာနေရပြီး မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံ တားစီမံကိန်းအကောင်အထည် ဖော်ပြီးပါက ရန်ကုန်မြို့မှ အဝေး ပြေးလမ်းမကြီး အမှတ်(၁)ဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်၍ ဒလမြို့ရှိ ဒေသခံများလူနေမှုမြင့်မားလာနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦး ကျော်လွင်ကပြောသည်။

စင်ကာပူနိုင်ငံ ငွေလဲကောင်တာအချို့တွင် မြန်မာကျပ်ငွေ စတင်လဲလှယ်ပေး

စင်ကာပူနိုင်ငံရှိ ငွေလဲ ကောင်တာအချို့တွင် မြန်မာငွေ များ လက်ခံလဲလှယ်ပေးနေပြီဖြစ် ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံ Yew Tee Square ရှိ Nanayam ငွေလဲဆိုင် နှင့် China Town ရှိ ငွေလဲကောင် တာအချို့တွင် မြန်မာငွေများ ကို နိုဝင်ဘာ ၁၄ ရက်မှ စတင်လဲ လှယ်ပေးနေခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ပြောသည်။
စင်ကာပူတွင် ယင်းသို့ မြန်မာငွေများ လက်ခံလဲလှယ် ပေးခြင်းသည် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအနိုင်ရရှိမှုကြောင့် ဖြစ်နိုင်ကြောင်းစင်ကာပူရောက် မြန်မာများက ပြောသည်။
‘‘ရက်ပိုင်းပဲ ရှိပါသေးတယ်။ တခြားဆိုင်တွေကို မေးကြည့်တဲ့ အခါ ဈေးဖွင့်ဖို့နဲ့ ၀ယ်လက်ကို ကြည့်နေကြတုန်းပါလို့ ပြောပါ တယ်။ မလေးဘက်က လာဖွင့် တဲ့ Money Changer အများစု ကတော့ စတင်လဲပေးနေပါပြီ။ မြန်မာအများစု စိုးရိမ်နေတာက တော့ သူတို့မြန်မာပြည်က ပြန် လာတဲ့အခါ ငွေဘယ်လောက်ပဲ သယ်ပါ၊ ယူပါဆိုတဲ့ စည်းကမ်း တွေ၊ ဥပဒေတွေ ထပ်တိုးလာမှာ ပဲလို့ ပြောနေကြပါတယ်’’ ဟု စင် ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ကိုမြတ်သစ်က ပြောသည်။

ရွေးကောက်မခံရသည့် အမတ်များ ဒီမိုကရေစီနည်းမကျစွာ ဥပဒေပြုနိုင်ခွင့် နှစ်လကျော်ကြာ ရှိနေဆဲဖြစ်

ရွေးကောက်ပွဲတွင် မရှုမလှရှုံးနိမ့်ခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် နောက်ထပ်အချိန် နှစ်လခွဲကြာ လွှတ်တော်တွင်း လူများစုအဖြစ် ဥပဒေပြုနိုင်ခွင့် ရှိနေသေးဆဲဖြစ်ရာ လုပ်ငန်းကိစ္စရပ်များအပေါ် ခြယ်လှယ်ထားနိုင်စွမ်း ရှိနေဆဲဖြစ်သည်။
နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်စတင်သည့် ယခုလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား နိုဝင်ဘာ ၈ ရွေးကောက်ပွဲက အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အင်အားအများစုဖြင့် ကြီးစိုးထားဆဲနိုင်ဆဲ လွှတ်တော်ဖြစ်နေသည်။
မျှတမှု မရှိဟန်ဖြစ်နေသည့် ယင်းအရေးအရာနှင့် ပတ်သက်ပြီး အပြုသဘောရှုမြင်သဘောထားနေလျက်ရှိကြသည့် အတိုက်အခံပါတီအမတ်များအတွက်မူ အရေးအရာထည့်စရာ ဖြစ်ရပ်တစ်ခုအဖြစ် သဘောထားမထားထားဘဲ ဥပက္ခောပြုထားနိုင်သည်ကိုလည်း တွေ့မြင်ရသည်။
"ကျွန်တော်တို့က အခက်အခဲပြဿနာတွေ များစွာနဲ့ ရင်ဆိုင်နေရတာပါ။ အခုပြဿနာကတော့ NLD ပါတီအတွက် သိပ်ပြီး ခေါင်းစားနေစရာ မရှိပါဘူး။"ဟု NLD မှ ဦးဝင်းထိန်းက ပြောခဲ့သည်။

ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပ ဖွဲ့စည်းနိုင်သည်အထိ စီစဉ်ဆောင်ရွက်ပေးမည်ဟု သူရဦးရွှေမန်းပြော

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် လွှတ်တော်များ ခေါ်ယူကျင်းပ ဖွဲ့စည်းနိုင်သည်အထိ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စု လွှတ်တ်ာနာယက သူရဦးရွှေမန်းက လွှတ်တော်ပြန်လည်စတင်သည့် နိုဝင်ဘာ ၁၆ရက်က ပြည်ထောင်စုလွှတ်တော်တွင် နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ထည့်သွင်းပြောလိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပေဒအရ ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ(၃၁) ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိ ပထမအကြိမ် ကျင်းပနေသည့် လွှတ်တော်သက်တမ်းသည် (၂)လသာ ကျန်ရှိတော့သည်။

“ကျွန်တော့်အနေနဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်များ ခေါ်ယူဖွဲ့စည်း အချိန်အထိ ဆောင်ရွက်ပေးဖို့ရှိတဲ့ ကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့်အညီ စနစ်တကျ အစီအစဉ်ရှိရှိ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု သူရ ဦးရွှေမန်းက ပြောသည်။

အစိုးရအပြောင်းအလဲရှိသော်လည်း ရန်ကုန်စတော့အိတ်ချိန်းကို စီစဉ်ထားသည့်အတိုင်း ဖွင့်လှစ်သွားမည်

လာမည့်မတ်လ အစိုးရသက်တမ်းမပြီးဆုံးခင် ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံ နိုင်ငံ၏ ပထမဆုံးစတော့ဈေးကွက်ဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ကို အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မည်သည့်အစိုးရပင် တက်တက် နိုင်ငံတွင် လိုအပ်နေသည့် စတော့ဈေးကွက်က အမှန်တကယ်ရှိရမည်ဖြစ်၍ နိုင်ငံ၏ ပထမဆုံးဖြစ်သော စတော့ဈေးကွက်ဖွင့်လှစ်ရေးကို ဆက်လက်လုပ်ဆောင် သွားရမည်သာဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမာင်မောင်သိမ်းက ပြောသည်။

ကုမ္ပဏီ ငါးခု၊ခြောက်ခု၏ စတော့ရှယ်ယာရောင်းဝယ်ကုန်သွယ်မှုများဖြင့် စကာ မြန်မာစတော့အိတ်ချိန်းကို ဖွင့်လှစ်သွားနိုင်မည်မျှော်လင့်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ဖွင့်လှစ်ခွင့်ရမည့် ကုမ္ပဏီများအား ကြေညာပေးသွားမည်ဖြစ်သကဲ့သို့ ရှယ်ယာများရောင်းချနိုင်မည့် နေ့ရက်ကိုလည်း ကြေညာသွားမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

Monday, November 16, 2015

နက်ရှိုင်း အမြစ်တွယ်နေတဲ့ ပြည်တွင်းအခွန်ဦးစီးဌာန လာဘ်ပေးလာဘ်ယူ ပြဿနာ

အဂတိလိုက်စားရေးနဲ့ ပတ်သက်ပြီး မန္တလေးက ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မြို့နယ် အခွန်ဦးစီးဌာန စာရေး တစ်ယောက်ဟာ အိမ်ခြံမြေ တန်ဘိုးဖြတ် မယ့်ကိစ္စ တစ်ခုအတွက် ကျပ်သိန်း ၁၃၀၀ ကျော် လာဒ်ငွေ ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ အခွန်ဆောင်ဖို့ ညွှန်ကြားချက် ထွက်လာတဲ့အခါ လာဘ်ငွေပေးထားသူနဲ့ ညှိနှိုင်းထား တဲ့အတိုင်း မဟုတ်ဘဲ တန်ဘိုးများနေတဲ့အတွက် အခွန်ထမ်းက စာရေးကြီးကို ငွေပြန်ရလိုကြောင်း တောင်းဆိုပါတယ်။ စာရေးကြီးက အဲဒီငွေတွေကို အထက်အရာရှိတွေဆီ ခွဲဝေပေးလိုက်ပြီဖြစ်တဲ့ အတွက်ပြန်မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒီအခါ အခွန်ထမ်းက သူ့ငွေတွေကို လိမ်လည် ရယူခဲ့တယ် ဆိုပြီး လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ တရားစွဲပါတယ်။ အခု အဲဒီ ကိစ္စ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပါ ပါဝင်လာပြီး သူ့ကို ဌာနက အရေးယူဖို့ လုပ်ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး လာဘ်ယူမှု ဖြစ်ကြောင်းကုန်စင် ဖော်ထုတ်ဖို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ကျင်းပဖို့ စီစဉ်ပြီးကာမှ သူ့ဌာနက သူ့ကို အာမခံ မရနိုင်တဲ့ ပုဒ်မ ၄၀၆ နဲ့ စွဲပြီး အချုပ်ထဲ ထည့်လိုက်တဲ့ ဖြစ်စဉ်ပါ။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။

ဒီချုပ် ရွေးကောက်ပွဲနိုင်ခြင်း၏ကောင်းကျိုး ပြည်ပရောက်မြန်မာလုပ်သားများ စတင်ခံစားရ

ရွေးကောက်ပွဲတွင် ဒေါ် အောင်ဆန်းစုကြည်၏အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရရှိမှု ကြောင့် ဒေသတွင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သားများအပေါ် အလုပ်ရှင်များက ပြောဆိုဆက် ဆံမှုပြောင်းလဲလာပြီး လုပ်အားခ လစာ တိုးမြှင့်ပေးမှုများ ရှိနေ ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသား အများ စုသွားရောက်လုပ်ကိုင်နေသော ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ အလုပ်ရှင်များက ဒီချုပ်အနိုင်ရရှိသွားကြောင်း သိရှိ၍ မြန်မာ လုပ်သားများအပေါ် ဂုဏ်ပြုစကားများ ပြောကြားပြီး ဆက်ဆံမှုများလည်း ပြောင်းလဲလာခဲ့ကြောင်း ယင်းနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသောမြန်မာ လုပ်သားများက ပြောသည်။

‘‘အစ်မတို့ သူဌေးဆိုရင် ဂုဏ်ယူကြောင်း ခဏခဏ လာ ပြောတယ်။ အားလုံးကလည်း ဆက်ဆံရေး တစ်မျိုးပြောင်းလာ တယ်။ အရင်တုန်းက မြန်မာဆို ရင် မသိဘူး။ အခု အမေစုနိုင်မှ သိသွားကြတာ။ လစာတို့၊ အချိန် ပိုကြေးတို့ တိုးပေးကြတာတွေရှိ တယ်။ အစ်မတို့ ထင်တာတော့ အမေစုမျက်နှာကြောင့်လို့ ထင် တယ်။ နောက်ပြီးပြောကြတယ်။ မေးကြတယ်ပေါ့။ နင်တို့ ဒေါ် အောင်ဆန်းစုကြည်နိုင်သွားတော့ ပြန်ကြမှာပေါ့။ ပြန်မှာလားလို့မေး ကြတယ်။ ငါတို့ကလည်း အလုပ် သက်တမ်းကုန်ရင် ငါတို့နိုင်ငံပဲ ပြန်ကြမှာပေါ့။ ဒီမှာနေတယ်ဆို တာလည်း ခဏပဲနေတာပေါ့လို့ ပြောကြတယ်။ သူတို့ကလည်း ပြောကြတယ်။ နောက်ဆိုရင် နင် တို့နိုင်ငံကို ငါတို့အလုပ်လာလုပ်ရ မှာလို့ပြောတယ်’’ ဟု စင်ကာပူရှိ အိမ်တွင်းမှုသင်တန်းနှင့် အလှ အပဆိုင်ရာ ဖန်တီးမှုသင်တန်း ကျောင်း၌ အလုပ်လုပ်ကိုင်နေသူ မအိမ့်သဉ္ဇာထွန်းက ပြောကြားသည်။

ငြိမ်းချမ်းရေးကို ကုန်ပစ္စည်းလို ဈေးဆစ်လာပြန်တဲ့ TNLA

TNLA က နောက်တက်လာမယ့် NLD အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် အသင့်ဖြစ်နေပြီလို့ ထုတ်ဖော် ပြောဆိုလိုက်တာဟာ နားဝမှာခါးသလို ခံစားရပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီနိုင်ပြီိဖြစ်တဲ့အတွက် အစိုးရဖြစ်တော့မယ်ဆိုတဲ့ပုံစံနဲ့ TNLA ရေလာမြောင်းပေးလုပ်လာတာ ဖြစ်ပါတယ်။ လက်တွေ့လုပ်ခွင့်ရ ခဲ့တဲ့ ငြိမ်းချမ်းရေးကို မလိမ့်တပတ်နဲ့ ရူးချင်ယောင်ဆောင်ခဲ့တဲ့ TNLA ဟာ လက်ရှိအစိုးရကို ပြောင်ပြောင် တင်းတင်း စော်ကားလိုက်တဲ့သဘောဖြစ်နေပါတယ်။ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ NCA ကိစ္စဆွေးနွေးပြီး နောက်ဆုံးအဆင့် NCA ထိုးတော့မယ့်အချိန်မှာ TNLA အတွက် အခွင့်အရေး ပေးခဲ့ ပါတယ်။ TNLA ဟာ UPWC နဲ့ အပစ်ရပ်ကိစ္စဆွေးနွေးဖို့ သီးခြားကမ်းလှမ်းခြင်း ခံရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါကို MNDAA နဲ့ AA တို့မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ KIA ကြိုးကိုင်မှုအောက်မှာ NCA ကိုငြင်းပယ် ခဲ့တာဖြစ်ပါတယ်။
အစိုးရသဘောထားပျော့ပျောင်းတာကို အခွင့်ကောင်းယူပြီး TNLA ဟာ NCA မထိုးတဲ့အဖွဲ့တွေဘက်မှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အခု NLD အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ဖြစ်နေပြီ ဆိုလာတော့ တတ်လည်းတတ်နိုင်တဲ့ သူပုန်အဖွဲ့ပါပဲလို့ မှတ်ချက်ပြုမိပါတယ်။ ရလေလိုလေ အိုတစ္ဆေဆိုတဲ့ ကိန်း TNLA ဆိုက်နေပါပြီ။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးကို ကုန်ပစ္စည်းလို ဈေးဆစ်နေတဲ့သဘော ဖြစ်နေပါတယ်။ တစ်ခုသိထားရမှာက TNLA အနေနဲ့ နောက်တက်လာမယ့်အစိုးရကို လေဖမ်းဒန်းစီးပြီး မျက်နှာလို မျက်နှာရ ပြောနေပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ထဲထဲဝင်ဝင်ပါနေတဲ့ တပ်မတော်က TNLA အကြောင်း အူမချေးခါးသိနေတယ်ဆိုတာပါပဲ။

ပြည်မြို့တစ်ဖက်ကမ်း ပရဟိတတောင်ကုန်းတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးကျောက်စာတိုင် စိုက်ထူ

ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ် ရွှေဘုံသာ ကျေးရွာအုပ်စုရှိ ပရဟိတတောင် ကုန်းပေါ်တွင် နိုဝင်ဘာ ၁၅ ရက်က ဘာသာပေါင်းစုံငြိမ်းချမ်းရေး ပရဟိတကျောက်စာတိုင် စိုက်ထူခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် ရည်ရွယ်ပြီး နာရေးကူညီမှုအသင်း ရန်ကုန်ဥက္ကဋ္ဌ ဦးကျော်သူတည် ထားကိုးကွယ်သည့် မဟာပဏ္ဍိတ ပရဟိတ အောင်တော်မူစေတီ တော်မြတ်ကြီး၏ တောင်ဘက်ရှိ အောင်မြေ၌ ဘာသာပေါင်းစုံနှင့် ပရဟိတအသင်းအဖွဲ့များတက် ရောက်ဖွင့်လှစ်စိုက်ထူခဲ့ခြင်း ဖြစ် သည်။

‘‘မြန်မာနိုင်ငံတင်မကပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေဟာ ဗြဟ္မစိုရ်တရားတွေ ကင်းမဲ့ကြ တယ်။ စစ်ပွဲတွေ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်ကြတယ်။ ဒါတွေ ငြိမ်းချမ်းဖို့အတွက် ကျောက်စာတိုင်လုပ်ဖို့ စဉ်းစားမိတယ်။ ဘုရားသခင်တိုင်းက ငြိမ်းချမ်းရေး ကို ချစ်တယ်။ လိုလားတယ်။ ဒါ ကြောင့် ဘာသာကြီးလေးမျိုးက ဘုရားသခင်တွေရဲ့ စကားကိုလိုက်နာပြီး ငြိမ်းချမ်းရေး ကျောက်စာတိုင်စိုက်ထူတာဖြစ်တယ်’’ဟု ဦးကျော်သူက ဆက်လက်ပြော ကြားသည်။

အိုင်အက်စ် ဌာနချုပ်ရှိရာ ရက္ကာမြို့တွင် ပြင်သစ် တိုက်လေယာဉ်များ ဗုံးကြဲ

ပါရီ အကြမ်းဖက်မှုကြီး ဖြစ်ပွားပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၅ ရက်တွင် ပြင်သစ် ဂျက်တိုက်လေယာဉ်များက ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့ရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်ရေးပစ်မှတ်များကို ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့သည့် ပါရီ အကြမ်းဖက်မှုကြီးကို မိမိတို့ ကြိုးကိုင် စီမံခဲ့ကြောင်း အိုင်အက်စ်တို့က ကြေညာခဲ့ပြီးနောက် ပြင်သစ် လေတပ်က ဗုံးမိုးရွာပြီး လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် သမ္မတ
ဖရန်ဆွာဟော်လန်းက ပါရီကို အကြမ်းဖက် တိုက်ခိုက်မှုသည် မိမိတို့ကို စစ်ကြေညာခြင်းဟု ယူဆကြောင်း ကြေညာထားသည်။
ရက္ကာမြို့သည် အိုင်အက်စ်တို့ သိမ်းပိုက်ထားသည့် နယ်မြေများကို စုစည်းပြီး ကိုယ်ပိုင်နိုင်ငံ ထူထောင်ထားရာတွင် မြို့တော်အဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ပြီး ဂျီဟတ်ဝါဒီ အကြမ်းဖက် အဖွဲ့၏ အဓိက အကျဆုံး ခြေကုပ်စခန်း နေရာလည်း ဖြစ်သည်။ ရက္ကာကို ပြင်သစ် လေတပ်က ဗုံးကြဲခဲ့ရာတွင် ကွပ်ကဲရေး စခန်းတစ်ခု၊ လူသစ် စုဆောင်းရေးစခန်း၊ လက်နက်သိုလှောင်ရုံ၊ စစ်သင်တန်းကျောင်း တစ်ခုတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြံပေး အရာရှိ မစ်ခေးလ် ဆိုရီရာက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၅ ရက် တိုက်ခိုက်မှုတွင် တိုက်လေယာဉ် ၁၀ စီး အပါအဝင် လေယာဉ် ၁၂ စီးကို အသုံးပြုခဲ့ကြောင်းလည်း ဆိုရီရာက ဆိုသည်။ စစ်ဆင်ရေးတွင် ဗုံးအလုံးပေါင်း ၂၀ ကို ကြဲချခဲ့ပြီး ရည်စူးပစ်မှတ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ပါရီအကြမ်းဖက်မှုအပြီး လွတ်မြောက်နေသည့် သံသယ တရားခံများကို ခြေရာခံ ရှာဖွေနေ

ပါရီတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးနှင့် ပတ်သက်၍ သံသယ တရားခံများကို ပြင်သစ်လုံခြုံရေး တပ်ဖွဲ့က အပြင်းအထန် ခြေရာခံ ရှာဖွေလျက် ရှိသည်။

နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ပါရီရှိ နေရာအတော်များများတွင် အကြမ်းဖက်သမားများက ကွန်မန်ဒိုဆန်ဆန် အသေခံ စီးနင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၉ ဦး အသက်ဆုံးရှုံးခဲ့သည်။ အစောပိုင်းက အသေအပျောက် ပမာဏ ၁၅၀ ကျော် ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၁၂၉ ဦး သေဆုံးကြောင်း ပြင်သစ် အစိုးရက အတည်ပြုခဲ့သည်။

ပြင်သစ် ရဲတပ်ဖွဲ့သည် အသက် ၂၆ နှစ်အရွယ် ဆာလား အက်ဘ်ဒီဆာလမ်ကို ယခု အကြမ်းဖက်မှု၏ အဓိက တရားခံအဖြစ် အစောပိုင်းက ယူဆခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာ နိုဝင်ဘာ ၁၄ ရက်တွင် ၎င်းကို ကားတစ်စီးထဲတွင် ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လွတ်မြောက်သွားခဲ့သည်။

Sunday, November 15, 2015

ပါရီတိုက်ခိုက်သူများ သုံးခဲ့ဖွယ်ရှိသည့် လက်နက်များကို စွန့်ပစ်ကားတစ်စီးအတွင်းတွေ့ရှိ

ပါရီမြို့တိုက်ခိုက်မှုများတွင် အကြမ်းဖက်သမားများ သုံးခဲ့ဖွယ်ရှိသည့် လက်နက်များကို စွန့်ပစ်ကားတစ်စီးအတွင်း တွေ့ရှိကြောင်း ပြင်သစ်တရားရေုး သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

ပါရီအရှေ့ပိုင်း ဆင်ခြေဖုံးရပ် မွန်တရီအူးတွင် ရပ်ထားသည့် ကားနက်တစ်စီးကို နိုဝင်ဘာ ၁၅ ရက်တွင် တွေ့ရှိခြင်းဖြစ်ပြီး တိုက်ခိုက်ရေးသမား မောင်းပြေးထားရစ်သည့် ကားဖြစ်ဖွယ်ရှိသည်။

အစောပိုင်းက သုတ်သင်လိုက်နိုင်သည့် တိုက်ခိုက်ရေးသမား ခုနစ်ဦးတွင် ပထမဆုံးတစ်ဦးကို အစ္စမေးမိုစတီဖီးဆိုသူဖြစ်သည်ဟု အတည်ပြုနိုင်သည်။ တိုက်ခိုက်မှုများနှင့် ပတ်သက်ကာ ခြောက်ဦး ဖမ်းဆီးရမိထားသည်။

ကစားချိန် ပျောက်ဆုံးသွားတဲ့ ကလေးအလုပ်သမားတွေ

အသက် ၁၂နှစ် အရွယ် ရှိပြီဖြစ်တဲ့ မမြတ်နိုးက လက်ဖက်ရည်ဆိုင်က စားပွဲဝိုင်းတွေကြားမှာ သွက်သွက်လက်လက် သွားလာပြီး လက်ဖက်ရည်မှာပေးရင်း စီးကရက်တိုတွေ ကိုလည်း တံမြက်စည်းနဲ့ လှည်းနေပါတယ်။ သူ့လို ကလေး အလုပ်သမား မျိုးတွေ အတွက် တနေ့လုပ်အားခ ကျပ် ၁ ထောင် ဝန်းကျင်လောက်သာ ရတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ် က ကလေးအလုပ် သမားအများဆုံး နိုင်ငံစာရင်းမှာ ပါဝင်နေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

မမြတ်နိုးလိုမျိုး လက်ဖက်ရည်ဆိုင်တွေကနေ စက်ရုံ စက်ရုံတွေ အထိ အလုပ်အမျိုးမျိုး လုပ်ကိုင် နေရတဲ့ ကလေးငယ် သန်းပေါင်းများစွာ ရှိပါတယ်။ (အရင် စစ်အစိုးရလက်ထက်မှာ ကလေးလုပ်သားတွေ အများကြီး ပေါ်လာခဲ့ပါတယ်။) ဒါပေမယ့် ကလေးလုပ်သားများတွေနဲ့ ပတ်သက်လို့ သဘောထားတွေနဲ့ ဥပဒေတွေ ပြောင်းလဲဖို့ ကတော့ ဖိအားတွေ ရှိနေပါသေးတယ်။

မြန်မာကို ဩဇာလွှမ်းရေး အမေရိကန်နှင့် အာရှနိုင်ငံကြီးများ အပြိုင်ကြိုးစား

ရွေးကောက်ပွဲ, အမေရိကန်, တရုတ်, အိန္ဒိယ, ဂျပန်
မြန်မာနိုင်ငံသည် ကြားနေဝါဒသာ ကျင့်သုံးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲသည် အရှေ့တောင်အာရှတွင် အချက်အချာကျစွာ တည်ရှိနေသည့် မြန်မာနိုင်ငံအား တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် တို့ က ဩဇာလွှမ်းမိုးရန် အရူးအမူး ကြိုးစားနေမှုကို ပြန်လည်နေရာချနေရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အောင်မြင်သည့် အတိုက်အခံခေါင်းဆောင် အနည်းငယ်မျှသာ ရှိပါသည်။ ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်အလိုတွင် တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် အိန္ဒိယ ၀န်ကြီးချုပ် နေရိန်ဒြာမိုဒီက ဖိတ်ခေါ် တွေ့ ဆုံခဲ့သည်။ အနာဂတ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရနိုင်သည်ဟု သူတို့ ယူဆခဲ့ကြ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်သမ္မတ အိုဘားမား ၂ ကြိမ် လာရောက်တွေ့ဆုံခဲ့သည်။

ယခုလာမည့် ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတခုဖွဲ့စည်းရေးနှင့် ရာစုနှစ်ဝက်ကြာ စစ်တပ်၏ ချုပ်ကိုင်မှုကို လျှော့ချရန် ပြင်ဆင်ထားရာ တုန့်ပြန်မှုများကို သတိကြီးစွာဖြင့် ချိန်ညှိလုပ်ဆောင်သွားရန် လိုအပ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။

အာဏာချောမောစွာ လွဲပြောင်းပေမည်ဟု နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန် ကတိကဝတ်ပြု

ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပပြီးစီးသည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတီအား ချောမွေ့ညင်သာစွာ အာဏာလွဲပြောင်းပေးမည်ဟု နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ကတိပေးပြောကြားသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၌ နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ သမ္မတဦးသိန်းစိန်က ကတိပေးပြောကြားခြင်းဖြစ်သည်။

ကြေညာထားသည့် ရွေးကောက်ပွဲရလဒ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားသည်။

အာဏာလွဲပြောင်းပေးပြီပါက မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော် စစ်တပ်ကျောထောက်နောက်ခံပြု နိုင်ငံရေးအုပ်ချုပ်မှု နိဂုံးချုပ်မည်ဖြစ်သည်။

နိုင်ငံပါတီပေါင်းစုံနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က နောက်တက်မည့် အစိုးရထံ တာဝန်များအားလုံးကို အစီစဉ်တကျ စနစ်တကျ အာဏာလွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဘာမှ စိုးရိမ်စရာမလိုဘဲ အာဏာကို ချောချောမောမောနဲ့ တည်တည်ငြိမ်ငြိမ် လွဲပြောင်းပေးသွားမှာပါ။"ဟု ဦးသိန်းစိန်က ပြောခဲ့သည်။

သူရဦးတင်ဦး (သို့မဟုတ်) NLD ရဲ့ အသင့်တော်ဆုံး သမ္မတ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က သမ္မတအဖြစ် တင်မြှောက်ဖို့ ရေပန်းအစားဆုံးနဲ့ အသင့်တော်ဆုံးက NLD နာယက လည်းဖြစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးဖြစ်တယ်လို့ NLD ပါတီ အသိုင်း အ၀ိုင်းထံမှ သိရှိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက စတင်ပြီး ရွေးကောက်ပွဲ ရလဒ် တွေ ကို ကြေညာခဲ့ရာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ပြည်သူ့ လွှတ် တော် ၊ အမျိုးသား လွှတ်တော် အပါအ၀င် ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာပေါင်း ၃၂၉ နေရာ ရရှိပြီး အစိုးရ ဖွဲ့ခွင့်၊ သမ္မတ တင် မြှောက် ခွင့်ရရှိသွားပါတယ်။

အုပ်ချုပ်ရေး အတွေ့အကြုံမရှိသည့် NLD မည်သို့ အစိုးရ ဖွဲ့မည်ကို စောင့်ကြည့်ရမည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေပြော

အမျိုးသား ဒီမိုကရေစီ ထိပ်ပိုင်း ခေါင်းဆောင်များတွင် ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ်၏ ရွေးကောက်ခံအမတ်ဖြစ်ခဲ့သူ ယခု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ရွေးကောက်ပွဲတွင် ပြည်သူအများစု ထောက်ခံသည့် ပါတီအနိုင်ရသွားခြင်းသည် ထူးဆန်းသည့် ဖြစ်ရပ်မဟုတ်ဟု သူက ဆိုသည်။

NLD ပါတီသည် အုပ်ချုပ်ရေး အတွေ့အကြုံ မရှိသေးသည့်အတွက် အစိုးရဖွဲ့မည်ကို စောင့်ကြည့်ရမည်ဟုလည်း ဆိုသည်။ ဦးခင်မောင်ဆွေ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့ခြင်းအတွက် စောစီးစွာ နိုဝင်ဘာ ၁၁ ရက်တွင် ဂုဏ်ယူပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ပြည်သူများ၏ NLDပါတီအပေါ် တာဝန်ပေးအပ်မှုကို ကျွန်ုပ်တို့ NDF ပါတီမှ တန်ဖိုးထား လေးစား ပါသည်။ ထို့အတူ NLD ပါတီ၏ အောင်မြင်မှုကိုလည်း ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီအင်အားစု ခမောက်ပါတီ NDFမှ ဂုဏ်ယူကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။

ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှောက်စကား မြွက်ကြား

တိဗက်ဘုန်းတော်ကြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလားမားက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုချီးမြှောက်စကား ပြောကြားခဲ့သည်။

တိဗက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြည်သူတို့၏ လိုအင်တောင့်တဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်က ဖြည့်ဆည်းပေးမည် မျှော်လင့်ကြောင်း ဂုဏ်ပြုသတင်းစကားပါးရာတွင် ထည့်သွင်းပြောကြားသည်။

"ယုံကြည်မှုကို အခြေတည်ပြီး ရွေးကောက်တင်မြှောက်တဲ့ ပြည်သူပြည်သားတွေရဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒရည်မှန်းချက်တွေကို သင့်အနေဖြင့် ဖြည့်ဆည်းပေးစွမ်းနိုင်ပါလိမ့်မယ်။"ဟု ဂုဏ်ပြုစာလွှာတွင် ဖော်ပြထားသည်။

"ယခုရွေးကောက်ပွဲကား မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင်ပင် ဖြစ်တယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားဖို့ အဖက်ဖက်က ကြီးစွာဆန္ဒရှိကြပြီး ကမ္ဘာအနှံ့ကလည်း ထောက်ပံ့လျက်ရှိပါတယ်။ အကျွန်ုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး စိတ်ဆန္ဒများနဲ့ ဒီအခွင့်အရေးကို ပါတီအဖွဲ့အစည်းများအားလုံးက ပါဝင်ဖော်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်ယူဆပါတယ်။"ဟု ဘုန်းတော်ကြီးက ဆိုသည်။

အဖွဲ့သုံးဖွဲ့ခွဲကာ ပါရီကို တိုက်ခိုက်ခြင်းဖြစ်၊ သေဆုံးသူ ၁၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၅၀ ကျော်ရှိ

ပြင်သစ်နိုင်ငံ၏ မြို့တော် ပါရီတွင် တိုက်ခိုက်ရေးအဖွဲ့ သုံးဖွဲ့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူပေါင်းမှာ ၁၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၅၀ ကျော်ရှိကြောင်း ပြင်သစ်ရှေ့နေချုပ်ကပြောသည်။

"ဒီတိုက်ခိုက်ရေးသမားတွေရဲ့ အရင်းအမြစ်ကို ကျွန်တော်တို့ သိထားပါပြီ။ သူတို့ရဲ့ ဘဏ္ဍာငွေအထောက်အပံ့ရပ်တည်မှုကိုလည်း သိထားတယ်။"ဟု ဖရန့်စွာမိုလင်းက သတင်းထောက်များကိုပြောသည်။

တိုက်ခိုက်သူအစွန်းရောက် ခုနစ်ဦးအား သုတ်သင်နိုင်ခဲ့ရာ ၎င်းတို့သည် လက်နက်ကြီးများ ရှိထားသလို ဗုံးခါးပတ်များလည်း ပတ်ထားကြောင်း ၎င်းက ပြောသည်။

အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာထားသည့် နိုဝင်ဘာ ၁၃ ရက်က တိုက်ခိုက်မှုများမှာ ဂီတဖျော်ဖြေပွဲ၊ အားကစားရုံ၊ စားသောက်ဆိုင်များနှင့် အရက်ဘားများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ပါရီတိုက်ခိုက်မှုနှင့် ဆက်စပ်သူများ ဘယ်လ်ဂျီယမ်တွင် ဖမ်းမိ

ပြင်သစ်နိုင်ငံ ပါရီမြို့တိုက်ခိုက်မှုများနှင့် ချိတ်ဆက်ပတ်သက်သူတစ်ချို့ကို နိုဝင်ဘာ ၁၄ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဖမ်းမိသည်။ ဖမ်းမိသူများတွင် တစ်ဦးမှာ ပါရီတိုက်ခိုက်မှုတွင် ကိုယ်တိုင်ပါဝင်သူတစ်ဦးဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ် ချားလ်မိုက်ကယ်က ပြောသည်။

လူ ၁၂၉ ဦးသေဆုံးသည့် ပါရီတိုက်ခိုက်မှုများကို ပြင်သစ်ရဲများ ထောက်လှမ်းစုံစမ်းရေးအရ သံသယရှိသည့် ကားများကို ဘယ်လ်ဂျီယမ်တွင် တွေ့ရှိရာမှ ယခုကဲ့သို့ ဖမ်းဆီးမိကြောင်း မိုကယ်က ပြောသည်။

ပါရီတိုက်ခိုက်မှုများနှင့် ကွင်းဆက်များသည့် ဘယ်လ်ဂျီယမ်တွင် ရှိနေနိုင်၍ ဘယ်လ်ဂျီယမ်အနေဖြင့်လည်း စစ်သွေးကြွတိုက်ခိုက်မှုများ၏ နယ်မြေဖြစ်လာလျက်ရှိနေသည်။