Tuesday, July 14, 2015

သမ္မတဦးသိန်းစိန် ပြည်ခိုင်ဖြိုး ပါတီသို့ ပြန်လာတော့မည် မထင်ဟု သူရဦးအောင်ကိုဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ပြန်လာတော့မည် မထင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တွဲဖက် အတွင်းရေးမှူး (၃) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပပြီးစီးချိန်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် သမ္မတ အနေဖြင့် အမျိုးသား နိုင်ငံရေးသာ ဆက်လက် လုပ်ဆောင်သွားမည် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောခဲ့ခြင်း ဖြစ်သည်။

““သမ္မတကြီးက ပါတီနိုင်ငံရေး မလုပ်တော့ဘူး။ အမျိုးသား နိုင်ငံရေးပဲ လုပ်တော့မယ်လို့ ထင်တယ်။ ပြည်ခိုင်ဖြိုး ပါတီကို ပြန်မလာတော့ဘူးလို့ ထင်ပါတယ်”” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။

မန္တလေးတွင် ဆိုင်ကယ်ဖြင့် လုယက်နေမှုများကို တားဆီးရန် ဒေသခံအချို့ ကိုယ်ထူကိုယ်ထ အဖွဲ့ ဖွဲ့စည်း

မန္တလေးတွင် ဆိုင်ကယ်ဖြင့် လုယက်ခံရပြီး အသက် ဆုံရှုံးခြင်းများပါ ကြုံတွေ့လာသည့် အတွက် လုယက်မှုများကို တွေ့လျှင် လိုက်လံ တားဆီးရန် မန္တလေးမြို့ ဒေသခံ အချို့ ကဗ္ဘာလေး ဆိုင်ကယ်စီး အကြမ်းဖက် လုယက်မှု တားဆီးရေး အဖွဲ့ကို ဇူလိုင်လ (၈) ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ဝင် ကိုဇော်က ပြောသည်။

မန္တလေးမြို့ရှိ တာဝန်ရှိ အဖွဲ့အစည်းများက အဆိုပါ လုယက်မှုများ အပေါ်တွင် ထိထိရောက်ရောက် ကာကွယ် တားဆီးမှု အားနည်း နေသောကြောင့် မန္တလေး ဒေသခံများက ကိုယ်ထူကိုယ်ထ အဖွဲ့အဖြစ် ဆိုင်ကယ်စီး လုယက်သူများကို တားဆီးရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်းနှင့်၊ လုယက်သူများကို တွေ့ရှိပါက လိုက်လံ တားဆီး ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

““လုယက်မှု သတင်းတွေ လုယက်ခံရလို့ အသက်သေဆုံးတဲ့ အထိ ဖြစ်လာတဲ့ သတင်းတွေ ကြားရတော့ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြရာကနေ အကောင်အထည်ဖော် ဖြစ်သွားတာ။ လက်ရှိ အရေအတွက်က အဖွဲ့ဝင် ရှစ်ယောက်ပဲ ရှိသေးတယ်။

တောင်သမန်အင်းရေ အရည်အသွေး ကောင်းမွန်မှု မရှိသေး

တောင်သမန်အင်းရေ အရည်အသွေးမှာ ငါးများအတွက် ကောင်းမွန်မှု မရှိသေးကြောင်း မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနထံမှ သတင်းရရှိသည်။
တောင်သမန်အင်းရေ အရည်အသွေးကို မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနက တွတ်ပီတံတား၊ တောင်သမန် အ၀င်တံတား၊ တောင်သမန်အင်း အလယ်မှ ရေတို့ကို အပတ်စဉ် စစ်ဆေးလျက် ရှိသည်။ ယင်းရေ နမူနာများကို စစ်ဆေးရာ ဓာတ်ခွဲတိုင်းတာ စစ်ဆေးမှု ရလဒ်များအရ ရေ၏ ချဉ်ဖန်နှုန်း (Water PH Level) မှာ သတ်မှတ်စံနှုန်းထက် လျော့နည်းနေခြင်း၊ ရေ၏ စုစုပေါင်း ဓာတ်ပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ စုစုပေါင်း ရေစေး ရေသွက်နှုန်းမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက် ပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ အောက်ဆီဂျင် ပျော်ဝင်နှုန်းမှာ သတ်မှတ်စံနှုန်းအောက် လျော့ကျနေခြင်း တို့ကို တွေ့ရပြီး Ammonia Nitrogen ပါဝင်မှုသာ သတ်မှတ်စံနှုန်း အတွင်းရှိကြောင်း မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

Monday, July 13, 2015

အီရတ်တွင် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်၍ လူ ၂၈ ဦး သေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား၍ လူပေါင်း အနည်းဆုံး ၂၈ ဦးသေဆုံးကြောင်း တာဝန်ရှိ သူများက ပြောသည်။ရှာအက်ဘ်ခရိုင်အတွင်း ကားဗုံးတစ်လုံးပေါက်ကွဲရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးပြီး အနီးရှိဈေးတစ်ဈေးတွင်လည်း အသေခံဗုံး ခွဲသမားတစ်ဦး ဖောက်ခွဲ၍ လူများစွာ သေဆုံးခဲ့သည်။
ဘန်နော့ခရိုင်အတွင်းလည်း အခြားကားဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူကိုးဦးအနည်းဆုံးသေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း ဒဏ်ရာရသူပေါင်းလည်း များစွာရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရန် ရှနိုက်ဒါလင် ဆေးစစ်မှုခံယူပြီးစီး


ရှနိုက်ဒါလင်သည် ဆောက်သမ်တန်မှ မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှုခံယူပြီးစီးသွားပြီဟု ဗြိတိန်ထုတ် မယ်ရာ သတင်းစာက ဖော်ပြသည်။ ဒေးလီးမေးလ်သတင်းစာကမူ ရှနိုက်ဒါလင်၏ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်းဟု ဖော်ပြထားသည်။ယင်းကွင်းလယ်ကစားသမားသည် တစ်နှစ်သက်တမ်းထပ်မံတိုးခွင့်ရှိသည့် လေးနှစ်စာချုပ်ချုပ်ရန်အတွက် မန်ယူလေ့ကျင့်ရေးစင်တာတွင် ဦးစွာဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်သည်။
ဒီပေး၊ ဒါမီယန်နှင့် ရှဝိန်းစတိုင်ဂါတို့ကိုခေါ်ယူထားသည့် မန်ယူအသင်းအနေဖြင့် ရှနိုက်ဒါလင်ကိုထပ်မံခေါ်ယူခြင်းအားဖြင့် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၈၀ နားကပ်လာခဲ့ပြီး နောက်ထပ်အားဖြည့်မှုများလည်း ပြုလုပ်ဦးမည်ဖြစ်သည်။

ပြိုင်ဖက်ဂိုးသမား အမှားက အသင်းအတွက် ကံကြမ္မာဖေးမမှုဖြစ်ခဲ့ဟု ဟံသာဝတီနည်းပြ ဆို


၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့်တွင် ကမ္ဘောဇအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ၌ ကမ္ဘောဇဂိုးသမား မျိုးမင်းလတ်၏ အမှားမှာ မိမိတို့အသင်းအတွက် ကံကြမ္မာ မေးမမှု တစ်ခုဖြစ်ခဲ့ဟု ဟံသာဝတီအသင်းနည်းပြ ဦးငွေထွန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ဟံသာဝတီအသင်းနှင့် ကမ္ဘောဇအသင်းတို့သည် ပွဲချိန် မိနစ် ၆၀ ကျော်အထိ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေသော်လည်း ပွဲချိန် ၆၈ မိနစ်၌ ကမ္ဘောဇဂိုးသမား မျိုးမင်းလတ်၏ လူပေးမှားမှုမှတစ်ဆင့် ဟံသာဝတီအသင်းက ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ဘန်ဘာက သွင်းယူပေးခဲ့ပြီး တတိယအနိုင်ဂိုး ကို ပွဲချိန် ၈၂ မိနစ်တွင် တိုက်စစ်မှူး အောင်မျိုးသူရက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဝင်ဘယ်ဒန် အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုကို ဂျိုကိုဗစ်ဆွတ်ခူး


ဝင်ဘယ်ဒန် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်သမား ဂျိုကိုဗစ်သည် ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါးရားကို ၇-၆(၇-၁)၊ ၆-၇(၁၀-၁၂)၊ ၆-၄၊ ၆-၃ တို့ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။ပြိုင်ပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့ပြီး ပထမပွဲကြီး နှစ်ပွဲတွင် tie-break ရိုက်ခဲ့ရပြီး တစ်ပွဲစီအနိုင်ရရှိခဲ့သည်။ ပွဲချိန်ကြာလာသည်နှင့်အမျှ အသက် ၃၃ နှစ်အရွယ်ရှိ ဖက်ဒါးရားမှာ ကစားအားကျသွားခဲ့ပြီး ဂျိုကိုဗစ်က ကျန်နှစ်ပွဲကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိသွားခဲ့သည်။အသက် ၂၈ နှစ်အရွယ်ရျိ ဂျိုကိုဗစ်သည် ယခုနှစ်တွင် ဒုတိယမြောက် ဂရင်းစလင်းချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကိုးခုမြောက် ဂရင်းစလင်းချန်ပီယံဆုလည်း ဖြစ်သည်။

သွေးလွန်တုပ်ကွေးကြောင့် ယခုနှစ်ဝက်ကျော်ကာလ အတွင်းသေဆုံးသူပေါင်း ၆၀ ရှိ

မြန်မာနိုင်ငံအတွင်း ဇန်နဝါရီလအတွင်းက စတင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဇူလိုင် ၁၀ ရက်အထိသေဆုံး သူပေါင်း ၆၀ ရှိသွားပြီဖြစ်ကြောင်း zeenews ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြထားသည်။
ယခုနှစ် တုပ်ကွေးရာသီတွင် မြန်မာနိုင်ငံ၌ တုပ်ကွေးဖြစ်ပွားသူပေါင်း ၁၀၀၀၀ ရှိပြီး ယမန်နှစ် နှုန်းထက် နှစ်ဆမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
သေဆုံးမှုများတွင် ရန်ကုန်က အမြင့်ဆုံးဖြစ်ပြီး နိုင်ငံတစ်ဝန်း တုပ်ကွေးကူးစက်ဖြစ်ပွားမှုပေါင်း နေ့စဉ် ၂၀၀ မှ ၂၅၀ ကြားခန့် ရှိသည်။

ဝန်ကြီးချုပ်အား ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုကို မလေးရှားရဲ စုံစမ်းစစ်ဆေးနေ


၁၉၅၇ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် ညွှန့်ပေါင်းအစိုးရကို အမြစ်မှကိုင်လှုပ်လိုက်သည့် ဖွင့်ချမှုတစ်ခုဖြစ်သော ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ငွေစာရင်းထဲသို့ ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်သွားခဲ့သည်ဟု စွပ်စွဲထား သည့် လျှို့ဝှက်စာရွက်စာတန်းများ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေသည်ဟု မလေးရှားရဲက ဇူလိုင်လ ၁၃ရက်က ပြောကြား ခဲ့သည်။နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့ 1MDBကို အစိုးရ၏ စုံစမ်းစစ်ဆေးမှုဟု ယူဆရသည့် စာရွက်စာတန်း များပေါက်ကြားမှု မှာ နိုင်ငံတော်ကို ဆန့်ကျင်သည့် စီးပွားရေးအရ နှောင့်ယှက်ဖျက်ဆီးမှုဖြစ်နိုင်သကဲ့သို့၊ နာဂျစ်ကို ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်သည်ဟု နိုင်ငံတော်ရဲချုပ် ခါလစ် အဘူ ဘာခါက ပြောကြားခဲ့သည်။

နှစ်သက်တမ်း ၁၂၀၀ ရှိသည့် ဗုဒ္ဓဥယျာဉ်ကို တရုတ်အနောက်တောင်ပိုင်းတွင် တူးဖော်တွေ့ရှိ


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ချန်ဒူမြို့အတွင်း နှစ်သက်တမ်း ၁၂၀၀ ကျော်ရှိသည့် ရှေးဟောင်း ဗုဒ္ဓဥယျာဉ်တော်တစ်ခုကို တူးဖော်တွေ့ရှိကြောင်း ဒေသတူးဖော်ရေးအဖွဲ့က ပြောသည်။

ယခုတွေ့ရှိသည့် ဗုဒ္ဓဥယျာဉ်တော်သည့် တရုတ် တန်မင်းဆက် (အေဒီ ၆၁၈ မှ အေဒီ ၉၀၇) ခေတ်က ဖြစ်ပြီး ချန်ဒူမြို့ တွင်ဆောက်လုပ်ရေး လုပ်ကွက်တစ်ခု အနီးတွင် ယခုလအစောပိုင်းက တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဥယျာဉ်မှာ စတုရန်းမီတာ ၂၅၀၀ ရှိပြီး အရှည် မီတာ ၉၀ ရှိ တူးမြောင်းတစ်ခုနှင့် ရေကန်တစ်ကန်တို့လည်း ပါဝင်သည်။

မသန်စွမ်းများ မဲပေးပြီးနောက် ကြုံတွေ့ရသည့် အခြေအနေများကို ရွေးကောက်ပွဲနေ့တွင် စစ်တမ်းကောက်မည်


၂၀၁၅ အထွေထွေရွေးကောက်ပွဲနေ့တွင် မဲပေးပြီး မဲရုံကထွက်ရှိလာသည့် မသန်စွမ်းများအား မဲပေးရာ တွင် ကြုံတွေ့ရသည့် အခြေအနေများ ကိုမေးမြန်း၍စစ်တမ်းကောက်ယူသွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများရှေ့ဆောင် အဖွဲ့ ဦးဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက မဇ္ဈိမကိုပြောသည်။

ယင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ မဲရုံများတွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး မဲပေးရာတွင် ကြုံတွေ့ ရသည့် အခြေအနေများ၊ အခက်အခဲများကို မေးမြန်းသွားမည်ဖြစ်သည်။

ခြစားမှု စုံစမ်းစစ်ဆေးစဉ်အတွင်း ရိုမေးနီးယားဝန်ကြီးချုပ် ပါတီခေါင်းဆောင်အဖြစ်မှ ဆင်းပေး

အစိုးရခေါင်းဆောင်အဖြစ်မှ ဆင်းပေးရန် တောင်းဆိုမှုများကို ဖြစ်ပေါ်လာစေခဲ့သည့် အဂတိလိုက် စားမှုစွဲချက်များကို ရင်ဆိုင်နေရသောကြောင့် ရိုမေးနီးယားဝန်ကြီးချုပ် ဗစ်တာပွန်တာမှာ ဇူလိုင်လ ၁၂ရက်နေ့က ဆိုရှယ်ဒီမိုက ရတ်ပါတီ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ရသည်။

ပွန်တာမှာ ငွေကြေးခ၀ါချမှု၊ အခွန်ရှောင်မှုများဖြင့် ယမန်လကတည်းက စုံစမ်းစစ်ဆေးမှု ခံနေရသော်လည်း သူ၏ ၀န်ကြီးချုပ် တာဝန်မှာ ရိုမေးနီးယန်းပြည်သူ သန်းပေါင်းများစွာနှင့် သက်ဆိုင်သည်ဟု ဆိုကာ ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ရန် ကိုမူငြင်းဆို ခဲ့သည်။

အကျဉ်းဦးစီးဌာန စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းမှ အကျဉ်းသားလေးဦး ထွက်ပြေးလွတ်မြောက်

အကျဉ်းဦးစီးဌာန၏ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်အမှတ် (၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းမှ အကျဉ်းသား လေးဦး တပြိုင်တည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
အကျဉ်းသား လေးဦးမှာ ဇူလိုင် ၁၀ရက်က ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် အရေးယူပေးနိုင်ရန် ရာဇဂြိုလ်စခန်းမှ ပြည်ထဲရေး ဝန်ကြီးဌာနသို့ အကြောင်းကြားစာကို ဇူလိုင် ၁၂ရက် ရက်စွဲဖြင့် ပေးပို့ထားသည်။
ရာဇဂြိုလ် အမှတ်(၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် ဇူလိုင် ၁၀ရက် နံနက် ၁၀နာရီခန့်က စခန်းရှိ စပါးစိုက်ပျိုးရေး လုပ်ငန်း မဟုတ်ဘဲ စခန်းမှူး ကြီးကြပ်ရေးမှူး ထွန်းထွန်းနိုင်၏ ခိုင်းစေမှုကြောင့် အရပ်ဘက်ကျောက်ထုတ်လုပ်ငန်းသို့ သွားရောက် လုပ်ကိုင်ရသည့် အတွက် အလုပ်ပင်ပန်းလွန်း၍ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။
mizzima

ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းရန် စီစဉ်

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်ကပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို စနစ်တကျဖြင့် မူဘောင်များချမှတ်ပြီး ကျေး လက်ဒေသဖွံ့ဖြိုးရေး ဥပဒေတစ် ရပ်အဖြစ် ထည့်သွင်းပြဋ္ဌာန်းနိုင် ရန် ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးဥပဒေကို ၎င်းတို့ဌာနက ဦးဆောင်ရေးဆွဲနေကြောင်း သတင်းရရှိ သည်။
ဥပဒေပထမ မူကြမ်းကို ဇွန် လ ၂၄ ရက်တွင် စတင်ဆွေးနွေးခဲ့ပြီး သြဂုတ်တွင် ဒုတိယ မူကြမ်းထွက်ရှိနိုင်ရန် ဆောင်ရွက်နေ ကြောင်း ဦးခင်ဇော်က ပြောသည်။

Friday, July 10, 2015

ယိုင်နဲ့သွားခဲ့သည့် တရုတ်ရှယ်ယာဈေးကွက် ဆက်လက်ထောင်တက်လာ

အစိုးရက အရေးယူစည်းကြပ်မတ်မှုလုပ်ဆောင်ပြီးနောက် ပြိုကွဲခဲ့သည့် တရုတ်ရှယ်ယာဈေးကွက် ပြန်လည်ဦးမော့လာခဲ့ပြီး ဆက်တက်ဈေးတက်လာနေပြီဖြစ်သည်။ရှန်ဟိုင်းစတော့အညွန်းကိန်းတွင် ၄ ဒသမ ၈ ရာခိုင်နှုန်းတက်ပြီး ၃၈၈၇ ဒသမ ၆၈ သို့ ရောက်ခဲ့ရာ ယခင် အမြင့်ဆုံး ၆ ရာခိုင်နှုန်းနီးပါးရှိခဲ့သည့် ကာလကနှုန်း နားသို့ ရောက်ရှိခြင်းဖြစ်သည်။ဟောင်ကောင်ရှိ ဟန်ဆန် စတော့အညွန်းကိန်းတွင် ၁ ဒသမ ၉ ရာခိုင်နှုန်းတက်ပြီး ၂၄၈၅၄ ဒသမ ၇၆ အညွန်းကိန်းသို့ ရောက်ရှိ ခဲ့သည်။

Thursday, July 9, 2015

ရွှေတိဂုံအနီး ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းလိုက်၍ တင်ဒါအောင်ကုမ္ပဏီများကို ဖြေရှင်းပေးရန် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းနေ

ရွှေတိဂုံ စေတီတော် အနီးရှိ ဒဂုံစီးတီး စီမံကိန်း အပြီးသတ် ရပ်ဆိုင်းလိုက်သည့်အတွက် တင်ဒါအောင် ထားသည့် ကုမ္ပဏီများ၏ နစ်နာမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်း၍ ဖြေရှင်းပေး မည်ဟု သမ္မတရုံး ညွှန်းကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကို ပြောသည်။"ဒီကုမ္ပဏီတွေကလည်း လိုလိုလားလား သဘောတူထားတယ်၊ နောက်ဆုံး ဒီကုမ္ပဏီတွေလည်း နစ်နာမှုမရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမယ်၊ အခုတော့ညှိနေတုန်း။ ဘယ်နေ့ ဘယ်ရက်လောက်ကို နစ်နာမှုကို အစိုးရအနေနဲ့ ဖြေရှင်းပေး မယ်ဆိုတာကို MIC နဲ့ညှိနေတယ်" ဟု ၎င်းကပြောသည်။
ယင်းအပြင် ဒဂုံစီးတီး စီမံကိန်းနှင့် ပတ် သက်ပြီး အခန်းဌားသူများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ စေရန် နှစ်ဦး သဘောတူ အစီအစဉ် တစ်ခုကို နိုင်ငံတော် အစိုးရနှင့် လက်တွဲကာ ဆောင်ရွက်သွားမည်ဟု စီမံကိန်း တင်ဒါအောင် သည့် ကုမ္မဏီ တစ်ခုဖြစ်သော Marga Landmark က ဇူလိုင် ၉ရက်တွင် သတင်း ထုတ်ပြန် လိုက်သည်။
Marga Landmark ၏ ကြေညာချက်တွင် ပြည်သူများ၏ စိတ်သဘောထား၊ အထူးသဖြင့် သံဃာတော်များ ၏ အမြင်ကို လည်းလေးစားအသိအမှတ်ပြုပြီး မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်ပင်ဆွေးနွေးကာမြန်မာနိုင်ငံနှင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သဘောတူညီခဲ့သည့် နိုင်ငံတကာ အသိမှတ်ပြု စာချုပ်အတိုင်း စီစဉ် ဆောင်ရွက် သွားမည်ဟုလည်း ဆိုသည်။

သတ်မှတ်ထားသည့် လစာထက် လျှော့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်အလုပ်ထွက်ခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ North Shore Group စက်ရုံအလုပ်သမားများကို အလုပ်ခန့်စဉ်က သဘောတူ ထားသည့် လစာထက် လျှော့ပေါ့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်က ဇူလိုင် ၉ ရက်တွင် အလုပ်မှ နုတ်ထွက်လိုက်ကြ သည်။

အခြေခံအလုပ်သမား တစ်ဦးအတွက် အလုပ်ဝင်စဉ်က တစ်လ ၆၄,၆၅၀ ပေးမည်ဟု သဘောတူထားသော်လည်း လစာထုတ် ရာတွင် ၄၄,၀၀၀သာ ရရှိသဖြင့် နုတ်ထွက်လိုက်ခြင်း ဖြစ်သည်ဟု အလုပ်သမားတစ်ဦးဖြစ်သူ မဥမ္မာက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ ဓါတုလက်နက် တားဆီးရေး အဖွဲ့ဝင် ဖြစ်လာပြီ


မြန်မာက ဓါတုလက်နက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို တရားဝင်သဘောတူညီလိုက်သဖြင့် ဓါတုလက်နက်ပိတ်ပင်တားဆီးရေးအဖွဲ့(OPCW) ၏ ၁၉၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်။

OPCW အဖွဲ့ကြီးက ဇူလိုင်၉ တွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းသည် မြန်မာ၏ လျင်မြန်သောပြုပြင်ပြောင်းလဲရေး ကာလ တွင် နောက်ထပ်ခြေလှမ်း တစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုမှာ ရက်ပေါင်း ၃၀ အတွင်း အသက်ဝင်မည်ဖြစ်ပြီး အဖွဲ့မ၀င်ရသေးသည့် နိုင်ငံများစာရင်း၌ အန်ဂိုလာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်တို့သာ ကျန်ရှိနေသေးသည်။

အထက်လွှတ်တော် အမတ်တစ်ဦးကို လာဘ်ထိုးမှုဖြင့် အီတလီ ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီအား ထောင်၃နှစ် ပြစ်ဒဏ်ချမှတ်


အထက်လွှတ်တော် အမတ်တစ်ယောက်ကို လာဘ်ထိုးမှုဖြင့် နေပယ်ရုံးတော်က ထောင်၃နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် အီတလီဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလူစကိုနီမှာ ဥပကြောင်းအရ ထိုးနှက်မှုအသစ်တစ်ရပ်နှင့် ရင်ဆိုင်နေရသည်။
သို့ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများကြောင့် အသက် ၇၈နှစ်အရွယ် ဘာလူစကိုနီမှာ မည်သည့်အခါမျှ ထောင်ဒဏ် ကျခံရလိမ့် မည်မဟုတ်ကြောင်း ၄င်း၏ရှေ့နေ နစ်ကိုလို ဂီဒီနီက ပြောကြားခဲ့သည်။
စီရင်ချက်ကို မမျှတဟု ဂီဒီနီက ပြစ်တင်ဝေဖန်လိုက်ပြီး၊ အမှုမှာ နိုဝင်ဘာ ၆ရက်နေ့တွင် ကန့်သတ်ကာလသို့ ရောက်ရှိသွားလိမ့် မည်ဟုလည်း ပြောဆိုခဲ့သည်။ ထိုသတ်မှတ်ရက်အလွန်တွင် မည်သည့်ဥပဒေကြောင်းအရေးယူမှုမျှ မပြုလုပ်နိုင်ဘဲ အယူခံကို ဆုံးဖြတ်ရန်လည်း အချိန်မလုံလောက်သောကြောင့် ပြစ်ဒဏ်စီရင်ချက်မှာ ဘာလူစကိုနီအဖို့ ဥပဒေကြောင်းအရ အကျိုးဆက်တစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ပေ။

ထိုင်းတောင်ပိုင်း ကော့သောင်ကျွန်းတွင် လူသတ်မှုဖြင့် စွပ်စွဲခံရသူ နှစ်ဦးအမှု တရားပိုပြသက်သေလေးဦးကို စစ်ဆေး

ထိုင်းနိုင်ငံ တောင်ပိုင်း ကော့သောင်ကျွန်း (လိပ်ကျွန်း)တွင် နိုင်ငံခြားသား နှစ်ဦး သတ်ဖြတ်ခံရမှု၌ လူသတ်မှုဖြင့် စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အမှုကို ဇူလိုင်လ ၈ ရက်က ကော့စမွေခရိုင် တရားရုံး၌ တရားလိုပြ သက်သေ ၄ ဦးအား စစ်ဆေးခဲ့သည် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ဇူလိုင်လ ၈ ရက်က နံနက် ၉ နာရီမှ ည ၈ နာရီထိ တရားခွင်တွင် အမှုစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။
“အမှုစစ် ရဲရယ်၊ ဆရာဝန်တယောက်ရယ်။ ကျွန်းသူကြီး မြေးရယ်၊ သူ့သူငယ်ချင်းရယ် အားလုံးပေါင်း ၄ ယောက်စစ်တယ်။ ဥပဒေအရ သုံးသပ်မယ်ဆိုရင်တော့ ရှေ့နောက်မညီဘူးဆိုတာ သိရတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွဲချက်တွေ အားလုံး ပေါင်းကြည့်ရင် ကလေးတွေ ဒီအမှုနဲ့ ပတ်သက်လို့ ကျူးလွန်တယ်ဆိုတဲ့အထောက်အထား ခုထိ မပြောနိုင်ကြသေးဘူး။ သူတို့က အမှုဆင်တဲ့ သဘောလောက်ဘဲ ရှိတယ်”ဟု ရှေ့နေ အောင်မျိုးသန့်က ပြောသည်။

ကန်တော်ကြီးဥယျာဉ် အတွင်းရှိ စားသောက်ဆိုင်များ အရက်ဘီယာ ရောင်းချခွင့်ပိတ်ပင်

ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်များကို အရက်ဘီယာရောင်းချခွင့်ကို ဇူလိုင် ၈ရက်မှစတင်ကာ ပိတ်ပင်လိုက်ပြီဟု ကန်တော်ကြီးဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်များက မဇ္ဈိမကို ပြောသည်။ကန်တော်ကြီးဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးချင်းစီကို ကန်တော်ကြီး ပန်းခြံစီမံခန့်ခွဲခွင့်ရရှိထားသည့် ကုမ္ပဏီက ရန်ကုန်မြို့တော်စည်ပင်သာယာ၏ တားမြစ်ချက်အရ ဟုဆိုကာ အရက်ဘီယာ ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
အမည်မဖော်လိုသူ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ ဆိုင်စာချုပ် ချုပ်တုန်းကကုမ္ပဏီက ရရှိထားတဲ့ အရက်ဘီယာရောင်းချခွင့်လိုင်စင်က ကျွန်တော်တို့ကို တစ်ဆင့်ခံ ကာဗာဖြစ်တယ်ဆိုတာပါတယ်။ ရောင်းချခွင့်လည်းရတယ်။ အရက်ဘီယာရောင်းချခွင့်ပိတ်ပင်လိုက်ရင် ဆိုင်ရပ်တည်မှုအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်”ဟုပြောသည်။ဆိုင်ခန်းစာချုပ် ချုပ်ရာတွင် အစားအသောက်ရောင်းချခြင်းအတွက် ကျန်းမာရေးလိုင်စင်နှင့် ယစ်မျိုးလိုင်စင်တို့ကို ကရဝိတ်ဥယျာဉ် ကမ္ဘာဘက်က ပေးဆောင်ပါမည်ဟု ပါဝင်ချုပ်ဆိုထားခြင်းဖြစ်သည်။

မန္တလေး လေဆိပ်၊ ကားဂိတ် ၊ ဘူတာရုံများတွင် မားစ်ရောဂါနှင့် ပတ်သက်ပြီး စစ်ဆေးနေ

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကားဂိတ်များ၊ ဘူတာများနှင့် ဟိုတယ်များတွင် ဇူလိုင်လ ၉ ရက်မှစတင်၍ မားစ်ရောဂါနှင့် ပတ်သက်သည့် စောင့်ကြပ် ကြည့်ရှု့စစ်ဆေးခြင်းများ ပြုလုပ်နေ သည်ဟု မန္တလေးတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ၀င်းနိုင် က ပြောသည်။
ဒေါက်တာ ၀င်းနိုင် က " နေ့စဉ်ပြည်ပ ၀င်လာသူအားလုံးကို အဖွဲ့လိုက် စောင့်ကြည့်ပြီး စစ်ဆေး တာတွေ လုပ်နေတယ်။ တည်းခိုမယ့် ဟိုတယ်၊ မိုတယ်တွေနဲ့လည်း ပူးပေါင်းပြီး စဉ်ဆက်မပြတ် စောင့်ကြည့်မှုတွေ လုပ်သွားမယ် "ဟု ပြောသည်။
ထိုသို့စောင့်ကြည့်စစ်ဆေးမှုများအား ညောင်ဦးလေဆိပ်နှင့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့
တွင် ပြုလုပ်နေပြီး လက်ရှိအခြေအနေတွင် ရောဂါနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိမှု မရှိသေးကြောင်း လည်း ဒေါက်တာ ၀င်းနိုင် ကဆိုသည်။

ဝန်ထမ်းများကို အသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးရန် တပ်မတော်သား အမတ်များ ကန့်ကွက်သော်လည်း အထမမြောက်

နိုင်ငံဝန်ထမ်းများကို အသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးသည့်စနစ်ကို ဆက်လက်ထားရှိရန် အမတ်တစ်ဦး၏ အရေးကြီးအဆိုကို တပ်မတော်သားအမတ်များက ကန့်ကွက်သော်လည်း အမတ်အများစုက ထောက်ခံခဲ့သဖြင့် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

လွိုင်ကော်မြို့နယ်အမတ် ဦးခင်မောင်ညို၏ နိုင်ငံ့ဝန်ထမ်းများကိုအသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးသည့် စနစ်အား ဆက်လက် ထားရှိရန် အရေးကြီးအဆိုအား တပ်မတော်သားအမတ် နှစ် ဦးအပါအဝင် စုစုပေါင်း လွှတ်တော်အမတ် ၁၄ဦးတို့ ဇူလိုင် ၉ ရက် က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီးနောက် စက်ခလုပ်နှိပ်မဲ ခွဲမှုရလာဒ်အရ အတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

အဆိုရှင်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် ဦးခင်မောင်ညိုက “အပြင်မှာ သတင်းတွေထွက်နေပါတယ်။ ပင်စင်သက်တမ်းကို အသက် ၆၃နှစ်အထိ တိုးမယ်ဆိုပြီးတော့ ထွက်လာပါတယ်။ ငယ်ရွယ်တဲ့သူတွေ၊ အလုပ်လက်မဲ့သူတွေ အတွက် အခက်အခဲ ဖြစ်နိုင်တာကြောင့် ဒီအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

ဦးအောင်သောင်း ကျန်းမာရေးဆိုးရွားသဖြင့် စင်းလုံးငှားလေယာဉ်ဖြင့် စင်္ကာပူတွင် ဆေးသွားကု

စစ်အစိုးရလက်ထက်က စက်မှုဝန်ကြီးဖြစ်ခဲ့သူ၊ လက်ရှိ အာဏာရပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းမှာ ဦးနှောက်သွေးကြောပေါက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားသဖြင့် စင်္ကာပူနိုင်ငံတွင် သွားရောက်ကုသရန် စင်းလုံးငှားလေယာဉ်ဖြင့် ဇူလိုင် ၉ရက်၊ ညနေ ၃နာရီခန့်တွင် နေပြည်တော်လေဆိပ်မှတစ်ဆင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သော တောင်သာမြို့နယ်၏ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးအောင်သောင်းမှာ ရာဇသင်္ဂဟအိမ်ရာရှိ ၎င်း၏နေအိမ်တွင် ဇူလိုင်လ ၈ ရက်ည ၁၁ နာရီခန့်က သတိလစ်မူးလဲသွားသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူပြီး နောက် စင်ကာပူနိုင်ငံသို့ သွားရောက်ကုသခဲ့ခြင်းဖြစ်သည်။

Wednesday, July 8, 2015

လုပ်သားထု၏ မျှော်လင့်ချက်

လကုန်ပြီး ထုတ်ပေးသည့် လစာငွေကိုရေတွက်ရင်း မအိအိခိုင်တစ်ယောက် တစ်လတာ သုံးစွဲရမည့် ခွဲတမ်းကို ခွဲဝေရန် စဉ်းစားနေသည်။
အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည်မှာ ခြောက်နှစ်ခန့်ရှိ ပြီဖြစ်ပြီး တစ်ရက် ၁၂ နာရီခန့် လုပ်ရသောအလုပ်အတွက် လစာမှာ ကျပ်တစ်သိန်းနှစ်သောင်းသာ ရရှိပြီး သတ်မှတ်အချိန်ပိုပြည့်မီအောင်ဆင်းပြီး မည်သို့သော အကြောင်းကြောင်းကြောင့်ဖြစ်စေ လူမှုရေး၊ ကျန်းမာရေးကိစ္စကြောင့် နားရက်ခွင့် တစ်ရက်မျှ မယူမှသာ ယင်းငွေပမာဏကို အပြည့်အဝ ရရှိနိုင်ခြင်းဖြစ်သည်။

မြန်မာ့မြေတွင် ဘဝသစ်ရှာတွေ့သွားသော ပရီးမီးယားလိဂ် ကစားသမားဟောင်း


အိုင်ယာလန်လက်ရွေးစင်ဟောင်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်များ ဖြစ်သော ဝီဂန်၊ ဟူးလ်စီးတီးတို့၌ ကစားခဲ့သော ကာလက်ဖိုလန်/Dailymail
ကာလက်ဖိုလန်အနေနဲ့ အင်္ဂလန်ဘောလုံးလောကမှာ ကြုံတွေ့ခဲ့တဲ့ စိတ်ပျက်စရာတွေကို မေ့ပျောက်ဖို့ ကစားသမားဘဝရဲ့ အလှည့်အပြောင်းသစ် တစ်ခုကို ရှာဖွေဖို့ လိုအပ်လာတဲ့အခါ ဘယ်နေရာကို အာရုံစိုက်ကြည့်သင့်သလဲဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။
‘‘အဲဒါ ဘားမား (မြန်မာ)ပဲ။ ပြီးတော့ ခင်ဗျား ကြုံဖူးသမျှ နယ်ပယ်ဒေသတိုင်းနဲ့လည်း တော်တော်လေး မတူညီဘဲ ဖြစ်နေလိမ့်မယ်’’လို့ ၁၉ ရာစုရဲ့ ဗြိတိသျှ စာရေးဆရာ ရုဒ့်ကစ်ပလင်က ရေးခဲ့ဖူးတယ်။ ဒါဟာ ဖိုလန်အတွက် အဖြေလည်း ဖြစ်ပါလိမ့်မယ်။အာရှတိုက်ရဲ့ ဆင်းရဲနွမ်းပါးဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သလို စစ်အာဏာရှင်တွေရဲ့ ရာစုနှစ်ဝက်လောက် အုပ်စိုးမှုအောက်မှာ အနောက်ကမ္ဘာနဲ့ ၂၀၁၁ ခုနှစ်ထိ တသီးတခြား ရပ်တည်နေခဲ့တယ်။ ဒါပေမဲ့ ဘာကလေ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေနဲ့ ပတ်သက်ရင်တော့ ဒီနိုင်ငံက အံ့ဩစရာကောင်းလောက်အောင် နှံ့စပ်ထိတွေ့နေတာ ဖြစ်ပါတယ်။

အိန္ဒိယ အမျိုးသမီးတစ်ဦးကို မီးတင်ရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်အချို့ စွပ်စွဲခံထားရ

အိန္ဒိယ နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ၏ မီးတင်ရှို့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြသည်။ အဆိုပါ အမျိုးသမီးသည် နိုင်ငံမြောက်ပိုင်း ယူတာပရာဒက်ရှ် ပြည်နယ်မှဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းမျှတွင် မီးစွဲလောင်ခံရပြီး ဆေးရုံတွင် သေဆုံးခဲ့ခြင်းဟု သိရသည်။ အသက် (၄၀) အရွယ်ရှိ နီတူ ဒွေဗီဒီသည် သူမ မကွယ်လွန်မီတွင် တရားသူကြီး တစ်ဦးအား ရဲများက လာဘ်ငွေ တောင်းခံခဲ့ကြောင်းနှင့် အဆိုပါငွေကြေး မပေးနိုင်ဖြင့် သူမကို ရန်ပြုခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားခဲ့သည်။

တိုက်ပွဲများကြား ရတက်ပွေနေသော ပြည်သူများ

အာရှလမ်းမကြီးတွင် အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့အကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးနောက် စစ်၏ဆိုးကျိုးကို ဒေသခံများ ရင်ဆိုင်နေရပြီဖြစ်သည်။ အာရှလမ်းမကြီးပေါ် လမ်းဖြတ်သန်းခငွေကြေးကောက်ခံသောနေရာတွင် ဇူလိုင် ၂ရက်က စတင်ခဲ့သည့် တိုက်ပွဲသည် တစ်ပတ်ခန့်အကြာတွင် ကော့ကရိတ်မြို့အနီးသို့ ရောက်လာခဲ့ပြီဖြစ်သည်။
ကော့ကရိတ်မြို့နယ်နှင့်တစ်မိုင်မှ သုံးမိုင်အတွင်းသာကွာဝေးတော့သည့် နေရာများတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး အရပ်သား ထိခိုက်မှုများဖြစ်လာနေသည်။ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရန်ညှိနှိုင်းပေးနေသည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များက ဆွေးနွေးမှု အဆင်မပြေသဖြင့် တိုက်ပွဲကာလကြာရှည်သွားနိုင်သည်ဟု ညည်းတွားနေကြသည်။

Tuesday, July 7, 2015

အကျိုးစီးပွားများနှင့် ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်း

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် ထိုမှတဆင့် ရပ်ရွာ၊ မြို့နယ်၊ တိုင်းနှင့် ပြည်နယ် နောက်ဆုံး နိုင်ငံတော် အဆင့်အထိ အကျိုးစီးပွား များ အသီးသီး ရှိကြပေသည်။ အကျိုးစီးပွားများအတွက် လုပ်ဆောင်နေကြ သည်ဟု ဆိုလျှင်မှားမည် မထင်ပေ။

လူတစ်ဦးချင်းသည် မိမိဘဝ ကောင်းရာ ကောင်းကြောင်း ကြိုးစားကြ ရာတွင် မိမိအကျိုးစီးပွားရရေးအတွက် အာရုံစိုက်ကြရသည်။
အလားတူ အသင်းအပင်း ဖွဲ့စည်းဆောင်ရွက်ကြရာတွင်လည်း အသင်းအပင်း၏ ရည်ရွယ်ချက် အောင်မြင်ပေါက်မြောက်ရေး အကျိုးစီးပွားအတွက် လုပ်ဆောင်ကြရသည်။

တဖန် နိုင်ငံရေးပါတီ၊ စီးပွားရေး ကုမ္ပဏီတို့သည်လည်း မိမိတို့ ပါတီ၊ မိမိတို့ ကုမ္ပဏီအကျိုးစီးပွားအလို့ငှာ ရည်ရွယ်ချက် အမျိုးမျိုးကို နည်းလမ်း အသွယ်သွယ် သုံးကာ လုပ်ဆောင်နေကြသည်။ အမြင့်ဆုံးဆိုရလျှင် နိုင်ငံအုပ်ချုပ်သည့် အစိုးရသည်လည်း ၎င်းတို့ အစိုးရအဖွဲ့၏ အကျိုးစီးပွားအလို့ငှာ လုပ်ဆောင်ကြပေသည်။

ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံးဟု မက်ဆီ ဖွင့်ဟ

ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်တွင် ချီလီအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ထောက်ခံအားပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံး ဖြစ်ကြောင်း ဖွင့်ဟ ခဲ့သည်။
မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့် အောင်မြင်မှုရရန် ရုန်းကန်ခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂျာမနီအသင်းကို ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသလို ယခုတစ်ကြိမ်တွင်လည်း ချီလီအသင်းကို ကိုပါအမေရိက ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။