ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ကျင့်သုံးမည့် PR စနစ်ကို အငြင်းပွားဖွယ်ရာများ ရှိနေသော်လည်း အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်၍ လွှတ်တော်က စဉ်းစားဆွေးနွေးနိုင်ရေးအတွက် အမည်စာရင်းတင်သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရက်သတ်မှတ်ပေးလိုက်သည်။
ဦးခင်အောင်မြင့်က “အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားဖို့ သဘောမတူတဲ့သူ မရှိတဲ့အတွက် အမျိုးသားလွှတ်တော်က စဉ်းစား ဆွေးနွေးဖို့ ဆုံးဖြတ်ကြောင်းနဲ့ ဥပဒေကြမ်းကော်မတီကို လွဲအပ်ကြောင်း ကြေညာပါတယ်။ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ၂၃.၃.၂၀၁၅ တနင်္လာနေ့ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး ညွန်ကြားရေးမှူးရုံးထံ အမည်စာရင်းပေးပို့ နိုင်ပါတယ်” ဟု ကြေညာသည်။