ချင်းပြည်နယ်အတွင်းရှိ လမ်းများတွင် ယာဉ်အန္တရာယ်ဖြစ်မည်စိုးသောကြောင့် ၁ဝ ဘီးနှင့်အထက်ယာဉ်များကို မိုးရာသီကာလအတွင်း ဖြတ်သန်းမှုကို တားမြစ်ထားကြောင်း ချင်းပြည်နယ်ပြည်သူ့ဆောက်လုပ်ရေးဌာနမှ သိရသည်။
“မိုးရာသီကာလဆိုတော့ ယာဉ်တွေအန္တရာယ်ဖြစ်မှာစိုးလို့ ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားပါတယ်”ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။ ချင်းပြည်နယ်အတွင်းရှိ လမ်းများသည် မိုးရာသီကာလအတွင်းတွင် လမ်းသားပဲ့ကျခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ယာဉ်များ မကြာခဏ တိမ်းမှောက်မှုများလည်းရှိသည် ဟု သိရသည် ။
“မိုးရာသီအတွင်း လမ်းမကောင်းတဲ့နေရာ၊ တောင်ပြိုတတ်တဲ့နေရာတွေ၊ လမ်းသားပဲ့ကျနိုင်တဲ့ နေရာတွေမှာ စက်ကြီးတွေကို ထားပေးတာများပါတယ်။ အဲဒါဆိုတော့ သူတို့လမ်းပွင့်အောင်လုပ်ပေးတဲ့ အချိန်လေးတော့ စောင့်ရတာပေါ့။ အခြေအနေပေါ်မူတည်ပြီး ကြန့်ကြာမှုတွေတော့ ရှိပါတယ်”ဟု ချင်းတောင်သွား ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ချင်းပြည်နယ်အတွင်းရှိ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-ဖလမ်း-ကလေးလမ်း၊ ကလေး-တီးတိန်လမ်းတို့ကို ဩဂုတ်လဆန်းပိုင်းမှစတင်၍ ပိတ်ပင်ထားခဲ့ပြီး မိုးရာသီကုန်လွန်သည့် နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သိရသည်။